To subscribe our Peace Info (News PI), please enter your email here!

ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ကွပ်ကဲမှု ယန္တယားများ နှိုင်းယှဉ်လေ့လာချက်

CEASEFIRE MONITORING MEMO – JULY 2015

OIN: PCPS1B10715

ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ကွပ်ကဲမှု ယန္တယားများ နှိုင်းယှဉ်လေ့လာချက်

ပြည်ထောင်စု အင်စတီကျု

Ceasefire Monitoring Memo များသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကိစ္စရပ်နှင့်သက်ဆိုင်သော အကြောင်းအရာများကို အစိပ်အပိုင်းတခုစီခွဲပြီး လေ့လာတင်ပြထားသော စာတမ်းငယ်များဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါ၀င်သော အဖွဲ့အစည်းများနှင့် အများပြည်သူများအား အထောက်အကူပြုရန် ရည်ရွယ်သည်။ pdf symbolPDF ဖိုင်အဖြင့် ရယူရန်...

မိတ်ဆက်

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီမှုများသည် ထိရောက်မှုရှိသည့် စောင့်ကြပ်ကွပ်ကွဲရေး ယန္ထယားများရှိမှသာ အောင်မြင်နိုင်သည်။ သဘောတူညီချက်ချိုးဖောက်မှုများကို စောင့်ကြည့်သည့် ယန္တယားများသည် ကမ္ဘာအဝှမ်းတွင် အခင်းအကျင်းအမျိုးမျိုးဖြင့်ရှိနေကြသည်။ ဖိလစ်ပိုင်နှင့်နီပေါကဲ့သို့သောနိုင်ငံများတွင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရများကြား အဆင့်ဆင့်ပူးတွဲဖွဲ့စည်းပုံဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့များက အရေးပါသောနေရာများတွင် ပူးပေါင်းပါ၀င်ဆောင်ရွက်ခဲ့သည်။ သီရိလင်္ကာနိုင်ငံနှင့် အာချေးပဋိပက္ခ (အင်ဒိုနီးရှားနိုင်ငံ) တွင် ပဋိပက္ခဖြစ်ပွားသည့် အဖွဲ့အစည်းများသည် တိုက်ပွဲများရပ်စဲပေးထားပြီး ကြားနေနိုင်ငံခြားစောင့်ကြည့်လေ့လာသူများက စောင့်ကြည့်ပေးသည်။ ကွန်ဂိုနှင့် တောင်ဆူဒန်နိုင်ငံတွင် ဒေသဆိုင်ရာအဖွဲ့အစည်းများ (Regional Organizations) က စစ်ဆေးအတည်ပြုသည့်တာဝန်များ (Primary Verification Role) ကိုယူထားကြသည်။ လက်ဘနွန် တောင်ပိုင်းနယ်စပ် အတွက်မူ ငြိမ်းချမ်းရေးထိန်းသိမ်းရေးလုပ်ငန်း (Peace Keeping) တစ်ခုလုံးကိုကုလသမဂ္ဂ လုံခြုံရေးကောင်စီက တာဝန်ယူဆောင်ရွက်ခဲ့သည်။

ယခုစာတမ်းသည် နိုင်ငံခြောက်နိုင်ငံ၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စောင့်ကြည့်ရေးယန္တယားများ၏ သော့ချက်ကျသောစရိုက်လက္ခဏာများနှင့် ဖွဲ့စည်းပုံများကို လေ့လာတင်ပြထားသည်။ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆက်လက် ထိန်းသိမ်းရာတွင် ကြုံတွေနေကျ အခက်အခဲများကို ဖြေရှင်းရာတွင် အဖွဲ့များကရွေးချယ်ခဲ့သည့် လမ်းကြောင်းမျိုးစုံကိုလည်း မီးမောင်းထိုးပြထားသည်။ တစ်နိုင်ငံချင်းလေ့လာမှုတွင်လည်း သမာသမတ်ကျမှုနှင့် ယုံကြည်ကိုးစားမှုတို့အပေါ် ပြည်သူ၏ သဘောထားအမြင်အပါအဝင် စောင့်ကြည့်ရေးယန္တယားများကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် အဟန့်အတားများကိုလည်း သုံးသပ်ထားသည်။ ထိုသုံးသပ်တင်ပြချက်များအပါအဝင် ဤစာတမ်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင်းနှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထိရောက်စွာအကောင်အထည်ဖော်ရာတွင် အထောက်အကူပြုရေးအတွက်  သင်ခန်းစာများအနေဖြင့် လေ့လာနိုင်ရန်ဖြစ်သည်။

ဖိလစ်ပိုင်

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းပေါ်ရှိ MILF လက်နက်ကိုင်အဖွဲ့အစည်းနှင့် ဖိလစ်ပိုင်အစိုးရတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ၁၉၉၇ ခုနှစ်တွင်ပထမဆုံးစတင်ဆွေးနွေးခဲ့သည်။ ထိုအချိန်တွင်ပင်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲကော်မတီ(Joint Ceasefire Committee - JCFC)ကို ဖွဲ့စည်းခဲ့သည်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစောင့်ကြပ်ကွပ်ကဲမှုအတွက် ကနဦးအကောင်အထည်ဖော်မှုအဖြစ် တိုက်ခိုက်မှုအဝဝ ရပ်စဲရေးဆိုင်ရာသဘောတူညီချက်ကို ထိုနှစ် ဇူလိုင်လတွင် သက်ဆိုင်သူများလက်မှတ်ရေးထိုးခဲ့ကြသည်။ မဏ္ဍိုင်သုံးရပ်ဖြင့်ဖွဲ့စည်းထားသည့် JCFC ၏ ပင်မအဖွဲ့မှာ တိုက်ပွဲများအားလုံးရပ်စဲရေးအတွက် ညှိနှိုင်းရေးကော်မတီ(Coordinating Committee for the Cessation of Hostilities - CCCH)ဖြစ်ပြီး ထိုကော်မတီကို ၂၀၀၃ ခုနှစ်တွင်ဖွဲ့စည်းခဲ့သည်။ မူရင်းအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ချိုးဖောက်မှုဆိုင်ရာတိုင်ကြားမှုများကိုဖြေရှင်းပေးသကဲ့သို့၂၀၀၁ သြဂုတ်လတွင်သဘောတူခဲ့သည့် လုံခြုံရေးဆိုင်ရာအကောင်အထည်ဖော်ခြင်းလမ်းညွှန်ချက်များ (Implementing Guidelines on the Security Aspect) ကိုလည်း စောင့်ကြည့်ဆောင်ရွက်သည်။

CCCH တွင် MILF ကိုယ်စားလှယ်နှစ်ဦး၊ အစိုးရကိုယ်စားလှယ်နှစ်ဦးနှင့် နိုင်ငံလုံးအဆင့်ဘာသာရေးခေါင်းဆောင် တစ်ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။ မင်ဒါနာအိုရှိ ပြည်နယ် ၁၃ ခုစလုံးတွင်လည်း အဆိုပါကော်မတီပုံစံမျိုး ဒေသခံစောင့်ကြည့် ကွပ်ကဲရေးအဖွဲ့များ(Local Monitoring Teams - LMTs)ဖွဲ့စည်းထားပြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာချိုးဖောက်မှုများကိုအစီရင်ခံရန် တာဝန်ပေးထားသည်။ CCCH နှင့် LMTs တို့သည် ပဋိပက္ခ၏အကျိုးဆက်များခံစားရသည့်ရပ်ရွာများသို့ လူသားချင်းစာနာထောက်ထားရေး အကူအညီများပေးခြင်းကိုဆောင်ရွက်သကဲ့သို့  စီးပွားရေးဖွံ့ဖြိုးမှုနှင့် အခြေခံအဆောက်အအုံစီမံချက်များအကောင်အထည်ဖော်ခြင်းကိုလည်း ညှိနှိုင်းဆောင်ရွက်သည်။ မင်ဒါနာအိုပြည်နယ်တစ်ခုလုံးတွင် CCCH ၏ ဒေသဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအရာရှိများကို တာဝန်ပေးထားပြီး ကိုတာဘာတိုမြို့၌ အတွင်းရေးမှူးရုံးတစ်ခုဖွင့်လှစ်ကာ ခေါင်းဆောင်မှုပေးလျှက်ရှိသည်။

မိမိတို့၏အဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်ပါ အချက်များကိုရှင်းပြရန် CCCH မှတစ်ဆင့် နှစ်ဖက်စလုံးက ဆောင်ရွက်ခဲ့သည်။ နှစ်ဖက်စလုံးနှင့်ချိတ်ဆက်မှုရှိသည့် ဒေသခံလက်နက်ကိုင်များ သို့မဟုတ် လူမျိုးစုအငြင်းပွားမှုများကြောင့်ဖြစ်ပေါ်လာလေ့ရှိသည့် ပစ်ခတ်တိုက်ခိုက်မှုများနှင့် အငြင်းပွားမှုများကို ဖြေရှင်းရန် CCCH အဖွဲ့ဝင်များ၏ ပူးတွဲအဖွဲ့များသည် မကြာခဏဆိုသလိုပင် ခရီးအတူသွားကြရသည်။ ချိုးဖောက်မှု တိုင်ကြားချက်များအား ၄င်းတို့ကအလျင်အမြန်ကိုင်တွယ်ဖြေရှင်းမှုကြောင့် အသေးစားတိုက်ပွဲငယ်များကို ကာကွယ်နိုင်ခဲ့ သည်။ တင်းမာမှုများကိုဖြေလျှော့ရန် အောက်ခြေအရာရှိများအား ထိရောက်သောဖိအားပေးမှုများပြုလုပ်နိုင်ခဲ့သည့် သက်ဆိုင်ရာစစ်တပ်အကြီးအကဲများနှင့် လက်နက်ကိုင်တပ်မှူးများပါ၀င်မှုကြောင့်လည်း CCCH သည် ထိရောက်မှုရှိခဲ့သည်။ ထို့ပြင် ၄င်းတို့၏ပွင့်လင်းမြင်သာမှု၊ ထိပ်တိုက်မတွေ့ဆုံမှုနှင့် စုံစမ်းစစ်ဆေးမှုများပြီးဆုံးသည့်အချိန်အထိ ဆုံးဖြတ်ချက်ချခြင်းကို ရပ်စဲထားခြင်းတို့ကြောင့် ပူးတွဲနယ်ခရီးစဉ်များသည် ချီးကျူးခံခဲ့ရသည်။

JCFC ၏ ဒုတိယမြောက်ပင်မအကျဆုံးအစိတ်အပိုင်းမှာ လုံခြုံရေးအတွက်ယေဘုယျခြိမ်းခြောက်မှုများကို ပူးတွဲညှိ နှိုင်းဆောင်ရွက်ရန်ဖွဲ့စည်းထားသည့် ပူးတွဲလုပ်ငန်အဖွဲ့(Ad Hoc Joint Action Group - AHJAG)ဖြစ်သည်။ အုပ်စုဖွဲ့စီစဉ်ကျူးလွန်သည့် ရာဇဝတ်မှုများ သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းများကို တိုက်ဖျက်သည့် စစ်ဆင်ရေးများအတွင်းMILF နှင့် စစ်တပ်တို့ အရှုပ်အထွေးဖြစ်မှုကို ရှောင်ရှားနိုင်ရန် ထိုကော်မတီတွင် MILF၊ ဖိလစ်ပိုင် အမျိုးသားရဲတပ်ဖွဲ့၊ စစ် တပ်နှင့် AHJAG တို့မှ ကိုယ်စားလှယ်တစ်ဦးစီဖြင့် ပါ၀င်ဖွဲ့စည်းထားသည်။ အပစ်အခတ်ရပ်စဲထားသည့် MILF နယ်မြေအတွင်း “ရဲတပ်ဖွဲ့နှင့် စစ်တပ်က သံသယရှိသူများကို ရုတ်တရက်စစ်ဆေးခွင့်” ပြုထားသည့် အသေးစိတ်ပြဌာန်းချက်တစ်ခုပါ၀င်သည်။ သို့သော်လည်း အစိုးရသည့် ယင်းအခွင့်အာဏာကို AHJAG မှတစ်ဆင့် အကြိမ်ကြိမ်အလွဲသုံးခဲ့သည်ဟု လက်နက်ကိုင်အဖွဲ ့များကဆိုသည်။

JCFC ၏ တတိယမြောက်အဓိကကျသောအစိတ်အပိုင်းမှာ ၂၀၁၁ သြဂုတ်လတွင် သဘောတူခဲ့သည့် လုံခြုံရေး ဆိုင်ရာသဘောတူညီချက်အရဖွဲ့စည်းထားသည့် နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့(International Monitoring Team)ဖြစ်သည်။ အမှီအခို ကင်းလွတ်လပ်သော နိုင်ငံတကာစောင့်ကြည့်ရေးသမားများကို ၂၀၁၄ အောက်တိုဘာလတွင်ပထမဆုံးအကြိမ်စေလွှတ်ခဲ့ပြီး အရေးပါသည့်တာဝန်များကိုဆောင်ရွက်ခဲ့ချိန်မှစပြီး JCFC အတွက် တရားဝင်ဖြစ်မှုနှင့် ယုံကြည်ကိုးစားမှုများရရှိစေခဲ့သည်။ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့တွင် လစ်ဗျား၊ ဂျပန်၊ မလေးရှား၊ နော်ဝေ၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် ဥရောပသမဂ္ဂတို့်မှ စစ်ဘက်နှင့်အရပ်ဘက်ကိုယ်စားလှယ်များပါ၀င်ကြသည်။ IMT အတွက် ပြည်တွင်းခရီးသွားလာမှု၊ နေရာထိုင်ခင်းနှင့် အထောက်အကူပြုဝန်ထမ်းများကို ဖိလစ်ပိုင်အစိုးရက ကျခံပေးထားပြီး IMT အဖွဲ့ဝင်တစ်ဦးချင်းစီအတွက် ၄င်းတို့၏မိခင်နိုင်ငံအစိုးရများက ငွေကြေးထောက်ပံ့ပေးထားသည်။

IMT သည် CCCH၊ LTMs၊ ငြိမ်းချမ်းရေးသဘောတူညီချက်များအရ ဖွဲ့စည်းထားသည့် ဘန်ဆာမိုရို ဖွံ့ဖြိုးရေး အေဂျင်စီ (BDA)၊ ဒေသန္တရအစိုးရဌာများနှင့် အခြား ပြည်သူလူထုများထံမှ ပုံစံအစီရင်ခံစာများကို လက်ခံရရှိသည်။ ချိုး ဖောက်မှုများကိုတားမြစ်ရန်နှင့် တာဝန်ရှိသူများအားအပြစ်ပေးရန် CCCH ၏ ဆောင်ရွက်ချက်များကို ဆန်းစစ်ရသည်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလုပ်ငန်းများအပြင် ငြိမ်းချမ်းရေးဖြစ်စဉ်၏အစိတ်အပိုုင်းဖြစ်သည့်လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးရေး အကောင်အထည်ဖော်မှုအား စောင့်ကြည့်သည့် လုပ်ငန်းတာဝန်များကိုလည်း ၂၀၀၇ မှစ၍ IMT က လုပ်ဆောင်ခဲ့သည်။

၂၀၀၉ အောက်တိုဘာတွင် IMT ၏ စောင့်ကြည့်ရေးလုပ်ငန်းတွင်ပါ၀င်မည့် အရပ်သားများအား အကာအကွယ်ပေးရေးသဘောတူညီချက်ကို သက်ဆိုင်သူများက လက်မှတ်ရေးထိုးခဲ့ကြသည်။ ရလဒ်အားဖြင့် များစွာသော နိုင်ငံတကာ နှင့်ပြည်တွင်း NGO များသည် လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးအန္တရာယ်ဖြစ်နိုင်ခြေများ စောင့်ကြည့်ရေးတွင် IMT နှင့် တရားဝင်ပေါင်းစည်းလာခဲ့သည်။ အရပ်သားများ အကာအကွယ်ပေးရေးသဘောတူညီချက်သည် ပဋိပက္ခဖြစ်ပွားသည့်နေရာဒေသများတွင် အရပ်သားများထိခိုက်မှုမရှိစေရန် ဆောင်ရွက်ခြင်းဖြစ်သလို လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာဥပဒေလိုက်နာမှုတို့ကို  စောင့်ကြည့်ရန်နှင့် စစ်ဆေးအတည်ပြုရန် လိုအပ်သည့် စနစ်တစ်ခုကို ထူထောင်ခြင်းဖြစ်သည်။ ယင်းသဘောတူညီချက်ရ ် အန္တရာယ်ဖြစ်နိုင်ခြေမြင့်မားသောနေရာဒေသ ၁၃ ခုကို အထူးစောင့်ကြည့်ရေးအတွက်သတ်မှတ်ခဲ့သည်။ ၂၀၀၉ ဒီဇင်ဘာတွင် လူမှုစီးပွား၊ လူသားချင်းစာနာထောက်ထားမှု၊ ပြန်လည်ထူထောင်ရေးတို့ကိုလည်း IMT ၏ လုပ်ငန်းဆောင်တာများတွင် ပါ၀င်စေရန် ပြန်လည်ပြင်ဆင်ခဲ့ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကိုမူ ဥရောပသမဂ္ဂက ဦးဆောင်ရန်ဖြစ်သည်။

IMT ၏ အကြီးမားဆုံးအကန့်အသတ်တစ်ခုမှာ သက်ဆိုင်သူများ အပြည့်အဝပူးပေါင်းဆောင်ရွက်မှုနှင့် မစ်ရှစ်ကို သက်ဆိုင်သူများဖက်မှ ဆက်လက် အသိအမှတ်ပြုရန် အစိုးရနှင့် လက်နက်ကိုင်နှစ်ဖက်ကိုသာ အစီရင်ခံစာများနှင့် အကြံ ပြုချက်များကိုတင်ပြရခြင်းဖြစ်သည်။ အချို ့လေ့လာသူများက IMT သည် အစိုးရနှင့် လက်နက်ကိုင်အဖွဲ ့အပေါ် လုံ လောက်သည့် သြဇာလွမ်းမိုးမှုမရှိကြောင်း၊ အစိုးရနှင့် လက်နက်ကိုင်အဖွဲ ့တို ့ထံ မှီခိုမှုမကင်းကြောင်း၊ ပဋိပက္ခဒေသများရှိ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းကြောင်း ထောက်ပြကြသည်။ သို့တိုင် ပဋိပက္ခနှင့် အပစ်အခတ် ရပ်စဲရေးဆွေးနွေးရေးအတွက် အရပ်ဘက်လူ့အဖွဲ့အစည်းများကဦးစီးကျင်းပသည့် ပြည်သူ့ဖိုရမ်များတွင် ပါ၀င်ဆွေးနွေးရန် IMT အဖွဲ့ဝင်များအား မကြာခဏဖိတ်ကြားကြသည်။
 
IMT ၏ သမိုင်းတစ်လျှောက်တွင် မစ်ရှင်၏ ခေါင်းဆောင်မှုကို မလေးရှား ကယူခဲ့ပြီး လက်တွေ့ကျသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ ကြားနေ (Third Party) အဖြစ်ဆောင်ရွက်ခဲ့သည်။ သို့ သော် မတ်လ ၂၀၁၃ တွင် ရှေးကတည်းက ဆူလတန်အုပ်ချုပ်ခဲ့သောနေရာတစ်ခုအဖြစ် ပြန်လည်ရယူရန် မလေးရှား ပိုင်နက်အတွင်းသို့ ဖိလစ်ပိုင်အကြမ်းဖက်သမားများကကျူးကျော်ခဲ့သဖြင့် မလေးရှားစောင့်ကြပ်ကွပ်ကဲသူများသည် လုံခြုံရေးဆိုင်ရာအကန့်အသတ်များဖြင့် ရင်ဆိုင်ခဲ့ ရသည်။ ၂၀၁၂ တွင် IMT ၌ အကြမ်းအားဖြင့် စောင့်ကြပ်ကွပ်ကဲသူ ၆၀ ခန့်ရှိ ခဲ့သော်လည်း ၂၀၁၄ တွင် ၃၆ ဦးအထိ လျှော့ချခဲ့သည်။ ၂၀၁၄ မတ်လတွင် MILF နှင့် အစိုးရတို့သည့် နောက်ဆုံး၌ ဘန်ဆာမိုရိုဆိုင်ရာ သမိုင်းဝင်သဘောတူညီချက်တစ်ခုရရှိခဲ့ပြီး ယင်းသဘောတူညီချက်အရ IMT သည် အရေးပါသော အခန်းကဏ္ဍတစ်ရပ်ရရှိခဲ့ပြီး ဆက်လက်၍လည်း လုပ်ဆောင်ရမည်ဖြစ်သည်။

စောင့်ကြည့်ရေးယန္တယား၏ အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုမှာ အပစ်အခတ်ရပ်စဲရေးကာလအတွင်း လက်နက်ကိုင် အဖွဲ ့အစည်းနှင့် အစိုးရတို့၏ တပ်ဖွဲ့ အင်အားများတိုးချဲ့ရေးကိစ္စဖြစ်သည်။ ရွေးကောက်ပွဲ မဲဆွယ်မှုများနှင့်စပ်လျဉ်းပြီး အပစ်အခတ်ရပ်စဲရေးကို ထိခိုက်လာမည့်ခြိမ်းခြောက်မှုများကို ရှောင်ရှားနိုင်စေရန် ရွေးကောက်ပွဲကာလအတွင်း သက်ဆိုင်သူ များပူူးပေါင်းဆောင်ရွက်ရေးကို CCCH နှင့် IMT တို့က ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရသည်။ ထို ့အပြင် ချိုးဖောက်သူများကို CCCH နှင့် IMT တို ့က တိုက်ရိုက်အပြစ်ပေးနိုင်သည့် လုပ်ပိုင်ခွင့်အာဏာမရှိပါ။

သို့သော် JCFC ၏ တရားဝင်ဖွဲ့စည်းပုံတွင်ဖိလစ်ပိုင်ရှိ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြပ်ကွပ်ကဲမှုဖြစ်စဉ်တွင် ပိုမိုကျယ်ပြန့်စွာပါ၀င်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဘေးဖယ်မထားပါ။ အရပ်ဖက်အဖွဲ့အစည်းများ၏ ဦးဆောင်ဦးရွက်ပြုမှုဖြစ်သည့် ဘန်တေ (Bantay) ဟုခေါ်သော လှုပ်ရှားမှုသည်  စောင့်ကြည့်ရေးကိုစတင်လုပ်ဆောင်ခဲ့ပြီး နောက် ပိုင်းတွင် နိုင်ငံသားများလုံခြုံရေး အတွက် ပိုမိုကျယ်ပြန့်သောလှုပ်ရှားမှုတစ်ရပ်အဖြစ် ဆက်လက်ဖြစ်ပေါ်လာခဲ့သည်။ မူရင်းမစ်ရှင်တွင် အဖွဲ့ဝင် ၆၀ ကျော်ပါ၀င်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာသည့်လက်ရှိအချိန်၌ မင်ဒါနာအိုဒေသ တစ်လွှားရှိ ပြည်နယ်ခြောက်ခုတွင် သတင်းအချက် အလက်များပေးနေသည့် စေတနာ့ဝန်းထမ်း ၉၀၀ ကျော်ပါ၀င်သည့် ကွန်ရက်တစ်ခုဖြစ်လာသည်။

ဘန်တေလုပ်ရှားမှုတွင်ပါ၀င်ဆောင်ရွက်ကြသည့် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများသည် ၄င်းတို့၏ ရပ်ရွာအတွင်း LMT များနှင့်အတူ လုပ်ကိုင်ခဲ့ပြီး ဆဲလ်ဖုန်းမက်ဆေ့ပို့ခြင်းကို အခြေခံလူတန်းစားများအား ကြိုတင်သတိပေးရေးစနစ်တစ်ရပ်အဖြစ်ထည့်သွင်းထားခဲ့သည်။ CCCH၊ IMT၊ LMT တို့နှင့်အတူ တင်းမာမှုများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များပုံမှန်မျှဝေခဲ့ပြီး  ၄င်းတို့၏လွတ်လပ်မှုကိုအလျှော့မပေးဘဲဆက်လက်ကိုင်စွဲထား ကြသည်။ ၄င်းတို့အပိုင်းတွင် အပြိုင်စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ဘန်တေအပစ်အခတ်ရပ်စဲရေအား JCFC တရားဝင်ဖွဲ့စည်းပုံအရခွင့်ပြုထားသည်။ ထို့ပြင် ဘန်တေသည်  လွတ်လပ်သည့်အချက်အလက်ရှာဖွေရေးနှင့်  စောင့်ကြည့်မှုများ၏ များစွာသော တရားဝင်ယန္တယားများတွင်ပါ၀င်ဆောင်ရွက်ခဲ့သည်။ ၂၀၀၄ ဖေဖော်ဝါရီလကတည်းက ဘန်တေ၏အခန်းကဏ္ဍကို သက်ဆိုင်သူများနှင့် IMT တို့က တရားဝင်အသိအမှတ်ပြုခဲ့သည်။ ဘန်တေသည်  LMT ကို အစားထိုးသည် တော့မဟုတ်။ LMT နည်းတူ စောင့်ကြည့်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခဲ့သည်။
        
စစ်တပ်နှင့်လက်နက်ကိုင်နယ်မြေများအတွင်း ကျယ်ကျယ်ပြန့်ပြန့်သွားလာဆောင်ရွက်နိုင်မှုရှိနေသော ဘန်တေ သည် မကြာသေးမီနှစ်များတွင် အပစ်အခတ်ရပ်စဲရေးချိုးဖောက်မှုများအပြင် လူမှုစီးပွားဖွံ့ဖြိုးမှုများနှင့် လူ့အခွင့်အရေးနယ်ပယ်များအထိ ကျယ်ကျယ်ပြန် ့ပြန် ့ဆောင်ရွက်လာနိုင်ခဲ့သည်။ ၂၀၀၉ တွင် ၄င်း၏ ပထမဆုံးအထွေထွေညီလာခံကို ကျင်းပခဲ့ပြီး ပြည်နယ်အဆင့်အဖွဲ ့များ၊ အလျင်အမြန်တုံ့ုပြန်ဆောင်ရွက်သည့်အဖွဲ့များ (quick reaction teams) ကို ရှင်းလင်း သောလုပ်ငန်းလည်ပတ်မှုစနစ်၊ အစီရင်ခံစနစ်၊ လမ်းညွှန်ချက်စနစ်များဖြင့် ပိုမိုစနစ်တကျလည်ပတ်ရန် ကြိုးပမ်းဆောင် ရွက်ခဲ့သည်။

သီရိလင်္ကာ

၂၀၀၂ ခုနှစ်တွင်လက်မှတ်ရေးထိုးခဲ့သည့် တမီလ်ကျား လက်နက်ကိုင်အဖွဲ့ (LTTE)နှင့် အစိုးရကြား ပစ်ခတ် တိုက်ခိုက်မှု သဘောတူညီချက်တွင်မှအပ သီရီလင်္ကာစောင့်ကြည့်ရေးမစ်ရှင် (Sri Lanka Monitoring Mission - SLMM)၏ အခန်းကဏ္ဍနှင့် လုပ်ပိုင်ခွင့် ကို ဖော်ပြထားခြင်းမရှိပါ။ မစ်ရှင်သဘောတူညီချက် (Status of Mission Agreement - SOMA) သာရှိပြီး SLMM တည်ထောင်ခြင်းနှင့် စီမံခန့်ခွဲမှုပုံစံ ကို ၂၀၀၂၊ မတ်လ ၁၈ တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (CFA) သည် စစ်ဖက်ဆိုင်ရာမဟုတ်သည့် နိုင်ငံတကာယန္တယားကိုသာ စွပ်စွဲခံ (သို့) ဖြစ်လာဖွယ်ရှိသည့် ချိုးဖောက်မှုကို ကွင်းဆင်းစောင့်ကြည့်ခွင့် ပြုသည်။ CFA ကိုဖွင့်ဆိုရာတွင် SLMM ၏ အကြီးအကဲသာလျှင် နောက်ဆုံးအခွင့်အာဏာရှိစေရမည်ဟုလည်း ထည့်သွင်းသဘောတူထားသည်။ သို့သော် ထိုအကြီး အကဲထံတွင် နှစ်ဖက်လိုက်နာဆောင်ရွက်ရမည့်ဝတ္တရားများ ပြည့်မှီရေးဆောင်ရွက်ရန် အမှန်တကယ်အခွင့်အာဏာမရှိပါ (တနည်းဆိုသော် - ထိုအကြီးအကဲသည် CFA ကို အနက်ဖွင့် (interpretation) လုပ်နိုင်သည့် အခွင့်အာဏာရှိသော်လည်း နှစ်ဖက်လိုက်နာရေးဆောင်ရွက်ရန် အာဏာမရှိပါ)။ SLMM သည် လွတ်လပ်မှုရှိပြီး အစိုးရကသော်လည်းကောင်း၊ တမီလ်ကျားအဖွဲ့ကသော်လည်းကောင်း မစ်ရှင်၏ လုပ်ငန်းဆောင်ရွက်မှုများ အပေါ် ဖိအားပေးခြင်း သို့မဟုတ် သြဇာလွှမ်းမိုးခြင်း မရှိနိုုင်အောင် ဖန်တီးထားသည်။   

SLMM ကို နော်ဝေကသာဦးဆောင်ရန်၊ စကင်ဒီနေးဗီးယန်းနိုင်ငံများ (ဆွီဒင်၊ ဖင်လန် စသည့် အနောက်မြောက် ဥရောပ နိုင်ငံများ) ကသာ စောင့်ကြည့်ရန်နှင့် ရံပုံငွေပေးရန်ဖြစ်သည်။ မစ်ရှင်သည် အချိန်ကာလအပိုင်းအခြားကန့်သတ်ချက်ရှိပြီး နေရာဒေသအားဖြင့်လည်း ခရိုင်ခြောက်ခုတွင်သာဆောင်ရွက်ခွင့်ရှိသည်။

SLMM လုပ်ငန်းတာဝန်များတွင် အပစ်အခတ်ရပ်စဲရေးလုပ်ငန်းဆောင်ရွက်မှုများ၊ အငြင်းပွားမှုကိုင်တွယ်ဖြေရှင်းခြင်းများ၊ တိုက်ခိုက်မှုများရပ်တန့်ရေးစောင့်ကြည့်မှုများ၊ လက်နက်မဲ့သူများကို လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်များ၊ ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းများမြှင့်တင်မှုများနှင့် ဒေသခံစောင့်ကြည့်ရေးကော်မတီအကြီးအကဲများထားရှိရေးတို့ ကို သက်ဆိုင်သူများနှင့် ဆက်သွယ်ကြားဝင်ညှိနှိုင်းဆောင်ရွက်ရသည်။

CFA ကို မည်သည့်အခါကမှ ပြန်လည်ပြင်ဆင်ခြင်း သို့မဟုတ် ပြင်ဆင်ဖြည့်စွက်ခြင်းမပြုသည့်အတွက် နိုင်ငံရေးနှင့် စစ်ရေးပြောင်းလဲမှုအနေအထားအရ ထပ်မံဖြစ်ထွန်းလာနေသည့်အခြေအနေများကို ပိုမိုထိထိရောက်ရောက် တုံ့ပြန်ရန် လိုအပ်သည့် လုပ်ပိုင်ခွင့်အသစ်များလည်း ဖြစ်ထွန်းမလာခဲ့ပေ။ တစ်ခုတည်းသော ခြွင်းချက်ရသည်မှာ ၂၀၀၃ ခုနှစ်၌ သက်ဆိုင်သူများ၏ တောင်းဆိုချက်ကြောင့် ရေတပ်တပ်ဖွဲ့များပါ၀င်လာခြင်းဖြစ်သည်။

ကိုလံဘိုမြို့ရှိ ရုံးချုပ်များအပြင် ခရိုင်ရုံးခြောက်ရုံးအတွက် အမြဲတမ်းနယ်လှည့်စောင့်ကြည့်ရေးအဖွဲ့များကို ဖွဲ့ စည်းသည်။ ခရိုင်ရုံးအသီးသီးတွင် ရေပြင်စောင့်ကြည့်ရေးအဖွဲ့များ(NMTs)နှစ်ဖွဲ့နှင့် ဆက်သွယ်ရေး ပွိုင့်များ ထားရှိပြီး LTTE အတွက် အထူးဆက်ဆံရေးရုံး(LO)တစ်ရုံးကိုလည်း ဖွင့်လှစ်ခဲ့သည်။ လုပ်ငန်း လည်ပတ်ရေး၏ သတ်မှတ်ထားသောနေရာများဖြင့် ၄င်းတို့၏ မြင်သာမှု၊ လက်လှမ်းမီမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အမြင့်ဆုံးဖြစ်အောင်အောင်ရွက်ပြီး ချိုးဖောက်မှုစွပ်စွဲချက်များကို စုံစမ်းမေးမြန်းရန်ကင်းလှည့်စောင့်ကြည့်ရေးမှူး ၆၀ တို့က ဆောင်ရွက်သည်။ ခရိုင်အဆင့်တွင်မူ SLMM ၏လုပ်ငန်းကို အထောက်အကူပေးရန် SLMM ခရိုင်အကြီးအကဲများနှင့်အတူ နှစ်ဘက်စလုံးမှခန့်အပ်ထားသည့် သက်ဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းမှနှစ်ဦးပါ၀င်သည့် ဒေသခံစောင့်ကြည့်လေ့လာရေးကော်မတီများ(LMCs) ရှိသည်။ SLMM ဖွဲ့စည်းပုံ၏ တရားဝင်အစိတ်အပိုင်းမဟုတ်သည့်တိုင် LMC များသည် တိုင်ကြားမှုများနှင့် ပဋိပက္ခများကို ပူးတွဲကိုင်တွယ်ရန် အကြံပြုသည့် အခန်းကဏ္ဍမှ ပါ၀င်ဆောင်ရွက်သည်။

SLMM ၏ နောက်ဆုံး နှစ်နှစ်အတွင်း SLMM သည် အရေးကြီးသောပြုပြင်ပြောင်းလဲမှုများစွာကို ပြုလုပ်ခဲ့ရသည်။ ၂၀၀၆၊ မေလတွင် LTTE ၏ လုပ်ငန်းများကို ဥရောပသမဂ္ဂကပိတ်ပင်တားမြစ်ခဲ့ခြင်းကြောင့် ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန်စသည် အီးယူနိုင်ငံများမှ စောင့်ကြည့်ရေးသမားများ တိုင်းပြည်မှထွက်ခွာသွားရန် LTTE က တောင်းဆိုသည်အထိ ဖြစ်ခဲ့ရသည်။ အကျိုးဆက်အားဖြင့် အပစ်အခတ်ရပ်စဲရေးချိုးဖောက်မှုများနှင့် တိုက်ပွဲများအလွန်အမင်းမြင့်တက်လာချိန်တွင် မစ်ရှင်၏ပမာဏကို အဘက်ဘက်တွင် အလွန်အမင်းလျှော့ချခဲ့ရသည်။ SLMM စောင့်ကြည့်ရေးသမားများသည်လည်း အစိုးရနှင့် LTTE တို့၏ တိုက်ခိုက်မှုကို အကြိမ်များစွာခံခဲ့ရသည်။ CFA ပြိုကွဲသွားပြီး အဆုံးသတ်သွားမည်ကို စိုးရွံ့သည့်အတွက် SLMM ခေါင်းဆောင်ပိုင်းသည် ၄င်းတို့၏ လုပ်ငန်းလည်ပတ်မှုများကိုသိသိသာသာလျှော့ချခဲ့ခြင်း၊ အစီရင်ခံခြင်းနှင့်စုံစမ်းမေးမြန်းခြင်းများကိုရပ်တန့်ခြင်းများပြုလုပ်ခဲ့သည်။ ၂၀၀၈၊ ဇန်နဝါရီလတွင် CFA ဖျက်သိမ်းလိုက်သောအခါ SLMM လည်းဆုံးခန်းတိုင်သွားခဲ့သည်။

SLMM ၏ လုပ်ငန်းလည်ပတ်မှုများတစ်လျှောက်တွင် အဟန့်အတားများစွာသိသိသာသာ ရင်ဆိုင်ကြုံတွေ့ခဲ့ရ သည်။ မစ်ရှင်၏ စောင့်ကြည့်ရေးမှူးသည် အလွန်အရေးကြီးသည့်နေရာဒေသများသို့ လက်လှမ်းမှီသွားရောက်နိုင်မှု အပြည့်အဝပုံမှန်မရဘဲ ချိုးဖောက်မှုများစစ်ဆေးအတည်ပြုရာတွင်လည်း အပြစ်ပေးခြင်း သို့မဟုတ် နောက်ဆက်တွဲ ကိစ္စများ ကိုင်တွယ်ရန် လုပ်ပိုင်ခွင့်အာဏာအနည်းငယ်သာရှိခဲ့သည်။ သို့တိုင် မစ်ရှစ်သည် LTTE ကို မျက်နှာလိုက်သည်ဟု စွပ်စွဲပြီး  အစိုးရကဝေဖန်ခဲ့သည်။ စောင့်ကြည့်ရေးမှူးတစ်ဦးသည် သီရိလင်္ကာရေတပ်က LTTE ကို တိုက်ခိုက်တော့မည့်အကြောင်း ကြိုတင်သတိပေးခဲ့သည်ဟု SLMM အားစွပ်စွဲခဲ့သည်။

SLMM သည် နော်ဝေကြားဝင်ညှိနှိုင်းရေးသမားများအား အောက်ခြေမှသတင်းအချက် အလက်များပေးရန် တာဝန်ရှိသည်။ မစ်ရှင်ကို စကင်ဒီနေးဗီးယားနိုင်ငံများက လူအား ငွေအားပံ့ပို့ပေးထားသည့်အတွက် SLMM ၏ မစ်ရှင်အကြီးအကဲကို နော်ဝေအစိုးရကတိုက်ရိုက်ခန့်အပ်သည့်အခါ ကြားဝင်ညှိနှိုိင်းဆောင်ရွက်မှု၏ လွတ်လပ်မှုအားမေးခွန်းစရာ ဖြစ်လာသည်။ ထိုနည်းတူ SLMM ၏ လွတ်လပ်မှုကိုလည်း မေးခွန်းထုတ်စရာဖြစ်လာသည်။ နော်ဝေသည် ငြိ်မ်းချမ်းရေး လုပ်ငန်းစဉ်ညှိနှိုင်းဆောင်ရွက်မှုများကိုဦးဆောင်သလို အပစ်အခတ်ရပ်စဲ ရေးစောင့်ကြည့်ကွပ်ကဲရေးကိုလည်း ဦးဆောင်နေသည့်အတွက် SLMM အတွင်းရှိ ၄င်း၏စောင့်ကြည့်ရေးသမားများစွာသည် အလွန်အရေးပါသည့်သူများ ဖြစ်လာကြသည်။ သီရိလင်္ကာအစိုးရက ခွင့်ပြုပြီးဖြစ်သည့် ရေဒီယိုဆက်သွယ်ရေးစက်များကို SLMM နှင့် LTTE ကြား ဆက်သွယ် ရေး ချောမွေ ့စေရန် နော်ဝေအစိုးရက LTTE  ထံ ပေးအပ်ခဲ့သည့်အတွက် နော်ဝေအစိုးရသည် LTTE နှင့် တစ်ကြိတ်တည်းတစ်ဉာဏ်တည်းဖြစ်သည်ဟု သီရိလင်္ကာပြည်သူများစွာကလည်း စတင်ရှုမြင်လာကြသည်။

နော်ဝေညှိနှိုင်းဆောင်ရွက်ရေးသမားအားထံသို့သာ တိုက်ရိုက်အစီရင်ခံရသည့်တာဝန်ကြောင့် SLMM သည် ယင်း ၏လုပ်ဆောင်မှုများနှင့် ရှာဖွေတွေ့ရှိချက်များကို သီရိလင်္ကာပြည်သူများထံ ချပြရန်အားနည်းခဲ့သည်။ သို့တိုင် မစ်ရှင်ကပင်လျှင် အပစ်အခတ်ရပ်စဲရေးချိုးဖောက်မှုအများစုတွက် တာဝန်ရှိသည့် LTTE က ဖယ်ကျဉ်သွားမည်ကို စိုးရွံ့သည့်အတွက် ကြားဝင်ညှိနှိုင်းဆောင်ရွက်သမားများအနေဖြင့် ၄င်း၏ ရှာဖွေတွေ့ရှိချက်များကို ကျယ်ကျယ်ပြန့် ပြန့်ဖွင့်ထုတ်ရန် လက်တွန့်နေခဲ့သည်။ မစ်ရှင်ပြီးဆုံးချိန်တွင် LTTE သည် ချိုးဖောက်မှု ၃၈၃၀ အတွက်တာဝန်ရှိပြီး အစိုးရက ၃၅၁ ခုအတွက်သာတာဝန်ရှိသည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ LTTE လိုက်နာဆောင်ရွက်မှုရှိစေရေးအား SLMM ၏ တိတ်တဆိတ်အားထုတ်မှုများသာပြုလုပ်ခဲ့ပြီး ယင်းအစိတ်အပိုင်းကြောင့် အများပြည်သူအမြင်တွင် ဝေဝါးနေခြင်းဖြစ်သည်။

အင်ဒိုနီးရှား

လူသားချင်းစာနာထောက်ထားမှုဒိုင်ယာလော့စင်တာ(Center for Humanitarian Dialogue) ၏ ညှိနှိုင်းဆောင် ရွက်မှုဖြင့် အင်ဒိုနီးရှားအစိုးရနှင့် အာချေးကျွန်းဆွယ်ရှိ GAM လက်နက်ကိုင်အဖွဲ့အကြား ၂၀၀၂ ဒီဇင်ဘာတွင် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် တစ်ရပ် ပထမဆုံးအကြိမ်ရရှိခဲ့သည်။ အာရှနှင့် ဥရောပနိုင်ငံများမှ စောင့်ကြည့်ရေးအဖွဲ ့ဝင် ၅၂ ဦးပါ၀င်သည့် အာချေးစောင့်ကြည့်ရေးပထမဆုံးမစ်ရှင်ကို နိုင်ငံတကာ NGO ကြားဝင်ညှိနှိုင်းသူများက ဖွဲ့စည်းခဲ့သည်။ သို့သော် ၂၀၀၃ မေလတွင် ဆွေးနွေးပွဲပျက်ပြားသွားခဲ့ပြီး တိုက်ပွဲများပြန်လည်စတင်ခဲ့သည်။ သီးခြားငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ကို ၂၀၀၅ သြဂုတ်လတွင်လက်မှတ်ရေးထိုးခဲ့ပြီးနောက် အဖွဲ့ဝင် ၈၂ ဦးပါရှိ သည့် ကနဦးစောင့်ကြည့်ရေးအဖွဲ့(Initial Monitoring Presence - IMP) အား ဥရောပသမဂ္ဂ (EU) ကဖွဲ့စည်းပေးခဲ့သည်။ သို့ သော် ယင်းနှစ် စက်တင်ဘာတွင် EU က အာချေးစောင့်ကြည့်ရေးမစ်ရှင်(Aceh Monitoring Mission) ကို စေလွှတ်ခဲ့ပြီး IMP ကို ဖျက်သိမ်းခဲ့သည်။

ငြိမ်းချမ်းရေးသဘောတူညီချက်အကောင်အထည်ဖော်ခြင်းနှင့် တိုက်ပွဲများရပ်တန့်ခြင်းကို စောင့်ကြည့်စေရန် AMM အား မူလအားဖြင့် ခြောက်လအခွင့်အာဏာပေးအပ်ခဲ့သည်။ အီးယူနှင့် အာဆီယံနိုင်ငံများမှ စောင့်ကြည့်ရေး သမားများပါ၀င်သည့် မစ်ရှင်သည် ငြိမ်းချမ်းရေးသဘောတူညီချက်များကို ချိုးဖောက်သည့်စွပ်စွဲချက်များနှင့် တိုင်ကြားမှုများကို စုံစမ်းစစ်ဆေးခြင်းနှင့် စီရင်ဆုံးဖြတ်ခြင်းအတွက်တာဝန်ရှိသည်။ ထို ့အတူ သက်ဆိုင်သူများအကြား ဆက်ဆံရေးနှင့် ကောင်းမွန်သောပူးပေါင်းဆောင်ရွက်မှုရှိရေးတို့အတွက်လည်း တာဝန်ရှိသည်။ မစ်ရှင်၏ အခြားအဓိကကျသောလုပ်ငန်းတာဝန်များမှာ လွတ်ငြိမ်းချမ်းသာခွင့်ပြဌာန်းချက်များနှင့်သက်ဆိုင်သည့် လူ့အခွင့်အရေးဆိုင်ရာ အကျိုးဆက်ကိစ္စရပ်များ နှင့် GAM အဖွဲ ့ဝင်များအား အရပ်ဘက်သို့ပြန်လည်ပူးပေါင်းရေးကိစ္စများကို လေ့လာစောင့်ကြည့်ရန်ဖြစ်သည်။

စောင့်ကြည့်ရေးသမား ၂၁၉  ဦးပါ၀င်သော စောင့်ကြည့်ရေးအဖွဲ ့သည် စစ်ရေးအတွေ့အကြုံရှိသည့်လူအချို့ပါ ၀င်သည့် (လက်နက်မပါ) အရပ်သားစောင့်ကြည့်ရေးမစ်ရှင်ဖြစ်သည်။ ခရိုင်ရုံး ၁၁ ရုံးရှိပြီး နယ်လှည့်အဖွဲ့ ၄ ဖွဲ့ ပါ၀င် သည်။ စောင့်ကြည့်ရေးသမားများသည် နှစ်ဖက်စလုံးနှင့်ပုံမှန်ဆက်သွယ်မှုများပြုလုပ်ကာ ပုံမှန် လှည့်လည်ခြင်း၊ စစ်ဆေးခြင်း၊ စုံးစမ်းစစ်ဆေးခြင်းများကိုပြုလုပ်ခဲ့သည်။ AMM ၏ ဘက်ဂျက် ယူရို ၉ ဒသမ ၃ သန်းကို ဥရောပသမဂ္ဂပေးထားပြီး မစ်ရှင်အကြီးအကဲသည် ဥရောပသမဂ္ဂကောင်စီထံသို့ တင်ပြရသည်။ ချိုးဖောက်မှုဖြစ်နိုင်ဖွယ်များကို သက်ဆိုင်သူအားလုံးထံ ၄င်းက သတင်းပို့ရသည်။

GAM လက်နက်ဖြုတ်သိမ်းမှုကို ကြီးကြပ်ကွပ်ကဲရန် နှစ်ဖက်စလုံးပါ၀င်သည့် လုံခြုံရေးဆောင်ရွက်မှုများကော်မရှင် (Commission on Security Arrangements - COSA) ကို အစိုးရနှင့် GAM က ဖွဲ့စည်းခဲ့သည်။ COSA သည် ဖြုတ်သိမ်းသည့်လက်နက်ခဲယမ်းများ၏ အရည်အသွေး စစ်ဆေးခြင်းနှင့် စုရပ်နေရာများသို့သွားသည့်လမ်းကြောင်းများကို စီမံခန့်ခွဲရန် တာဝန်ရှိသည်။ လက်နက်ဖြုတ်သိမ်းခြင်းကို အပိုင်းလေးပိုင်းဖြင့်ဆောင်ရွက်ခဲ့ပြီး GAM က  လက်နက်ခဲယမ်း ၈၄၀ လွှဲပြောင်းပေးခဲ့ကာ အစိုးရကလည်း အာချေးဒေသတွင်ဖြန့်ချထားသည့် စစ်တပ်နှင့်ရဲတပ်ဖွဲ့အရာရှိများကို နောက်ထပ်ဖယ်ရှားပေးခဲ့သဖြင့် နှစ်ဖက်စလုံး၏ အင်အားသုံးပုံတစ်ပုံခန့် ထိုဒေသတွင် လျှော့ကျခဲ့သည်။

၂၀၀၅ နှစ်ကုန်တွင် GAM ၏ လက်နက်ဖြုတ်သိမ်းခြင်းနှင့် အရပ်ဘက်ပြောင်းခြင်းပြီးဆုံးကာ အစိုးရတပ်များ တစ်စိတ်တစ်ပိုင်းရုပ်သိမ်းပေးခဲ့သည်။ ၂၀၀၆ စက်တင်ဘာတွင် AMM လည်း ၄င်း၏ လူအင်အားကို လျှော့ချပြီး စောင့်ကြည့်ရေးသမား ၃၆ ဦးသာထားရှိကာ မင်ရှင်၏ ခရိုင်ရုံးများပိတ်ပြီးနောက် နယ်လှည့်အဖွဲ့များကို အာချေး ဒေသတစ်လျှောက် စေလွှတ်ခဲ့သည်။ ၂၀၀၆ ဒီဇင်ဘာတွင် ဒေသန္တရရွေးကောက်ပွဲများကျင်းပခြင်းဖြင့် GAM ခေါင်းဆောင်များက ဒေသန္တရအစိုးရကို လွှဲပြောင်းထိန်းချုပ်ပြီးသည့်အခါ AMM လည်း ၄င်း၏ လုပ်ငန်းများကို အဆုံးသတ်ခဲ့သည်။

AMM သည် လုပ်ငန်းစဉ်တစ်လျှောက် အားကောင်းသောခေါင်းဆောင်မှုနှင့် သမာသမတ်ကျမှုကိုပြသခဲ့သည်ဟု နှစ်ဖက်စလုံးက ယူဆသည်။ ထိုသို့လုပ်ဆောင်ခဲ့နိုင်ခဲ့ခြင်းမှာ နှစ်ဖက်စလုံးထံမှ အကူအညီရခဲ့ခြင်းနှင့် COSA က လူ ့အခွင့်အရေးဖက်မှချည်းကပ်မှုကို ကန့်သတ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ကို ခွင့်ပြုခဲ့ခြင်းကြောင့်ဖြစ်သည်။ အကောင်အထည်ဖော်ဆောင်စဉ်အတွင်း ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပြင်းပြင်းထန်ထန်ချိုးဖောက်မှု အနည်းငယ်သာရှိခဲ့သည်။

ကွန်ဂိုဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ

ကုလသမဂ္ဂ၏ လက်နက်တင်ပို့မှုပိတ်ပင်ခြင်းကို ချိုးဖောက်ပြီး ကွန်ဂိုဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (DRC) အရှေ့ပိုင်းရှိ M23 လက်နက်ကိုင်အဖွဲ ့အား ရဝမ်ဒါအစိုးရက လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခဲ့သည်ဟူသော တွေ ့ရှိချက်ကို ကုလသမဂ္ဂ ကျွမ်းကျင်သူများက ၂၀၁၂ ဇွန်လ တွင် ထုတ်ပြန်ခဲ့သည်။ ထိုသို ့ထုတ်ပြန်ခဲ့သည့်အတွက်  “မှားယွင်းသောစွပ်စွဲချက်များ” ကိုဖြေရှင်းရန်ဆိုပြီးယခင်ကဖျက်သိမ်းခဲ့သည့် ပူးတွဲစစ်ဆေးအတည်ပြုရေးယန္တယား(Joint Verification Mechanism) ကဲ့သို့ အဖွဲ့မျိုးတစ်ခု ပြန်ဖွဲ့စည်းရန် ရဝမ်ဒါက အဆိုပြုခဲ့သည်။ အစီရင်ခံစာများကို စစ်ဆေးအတည်ပြုရန် ရဝမ်ဒါနှင့် DRC တို့မှ စစ်တပ်နှင့် ထောက်လှမ်းရေးကိုယ်စားလှယ်များသာ ကနဦးအားဖြင့် ပါ၀င် ခဲ့သည်။

ရဝမ်ဒါသည် သွေးရိုးသားရိုးဆောင်ရွက်နေခြင်းမဟုတ်သည်မှာ ရှင်းလင်းလာပြီး ကာလရှည်လက်တွဲခဲ့သည် မဟာမိတ်အချို့၏ ဖွံ့ဖြိုးရေးနှင့် စစ်ရေးဆိုင်ရာနိုင်ငံခြားအကူအညီများရပ်တန့်ခြင်းအပါအဝင် နိုင်ငံတကာဖိအားများမြင့် တက်လာချိန်တွင် မဟာကန်တော်ကြီးများဒေသဆိုင်ရာ နိုင်ငံတကာကွန်ဖရင်(ICGLR)က အဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံအားလုံး ၏ စစ်ဘက်ကိုယ်စားလှယ်များပါ၀င်မည့် အင်အားတိုးချဲ့ထားသည့် JVM တစ်ရပ်ဖွဲ့စည်းရန် တောင်းဆိုခဲ့ကြသည်။ Expanded Joint Verification Mechanism (EJVM) ကို ၂၀၁၂ စက်တင်ဘာလတွင် တရားဝင်ဖွဲ့စည်းခဲ့ပြီး ၄င်းတို့၏ အမြင်များနှင့် ကောက်ချက်များကို သွတ်သွင်းနိုင်မည်ဟု ယုံကြည်ပြီး DRC နှင့် ရဝမ်ဒါတို့က EJVM ကို ထောက်ခံ အတည်ပြုခဲ့ကြသည်။ EJVM ကို ယူဂန္ဓာနိုင်ငံမှ စစ်ဘက်ကိုယ်စားလှယ်တစ်ဦးက ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယူဂန္ဓာသည် M23 လက်နက်ကိုင်အဖွဲ ့ကို ထောက်ပံ့သည့် ကွန်ရက်များကြောင့် နာမည်ပျက်ခဲ့ရပြီး ၂၀၁၃ သြဂုတ်လတွင် EJVM ၏ ယူဂန္ဓာညှိနှိုင်းဆောင်ရွက်သူကို DRC အစိုးရက နှင်ထုတ်ခဲ့သည်။

ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းရေးမစ်ရှင်(MONUSCO)က EJVM အား နည်းပညာပိုင်းအကူညီများပေးခဲ့ သည်။ စုံစမ်းစမ်းဆေးရေးမှူးများကလည်း စုံစမ်းစစ်ဆေးမှုများတွင် သက်သေအဖြစ်ဆောင်ရွက်ခဲ့သည်။ သော့ချက်ကျ သော လူပုဂ္ဂိုလ်များနှင့် နယ်မြေများကို လက်လှမ်းမီစေရန်နှင့် သတင်း အချက်အလက်များရရှိစေရန်လည်း ကူညီခဲ့သည်။ M23 နှင့် DRC အစိုးရတို့ကြား မြောက်မြား စွာသော အပစ်အခတ်ရပ်စဲရေးသဘောတူညီများအတွင်းတွင်လည်း  ရှေ့တန်းအနေအထားများနှင့်စပ်လျဉ်းပြီးလည်း  နှစ်ဘက်စလုံးကို စောင့်ကြည့် တာဝန်ယူခဲ့သည်။ သို့တိုင် ရဝမ်ဒါသည် M23 ကို ဆက်လက်ထောက်ပံ့နေပြီးM23 သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်များကို ချိုးဖောက်ကြောင်း EJVM က ကောက်ချက်ချသည့်အတွက် ရဝမ်ဒါ ၄င်း၏ EJVM ကိုယ်စားလှယ်များကို တိုင်းပြည်၏မြို့တော် ကီဂါလီသို့ ပုံမှန်ပြန်ခေါ်ကာ နောက်ဆုံးအစီရင်ခံစာများအား လက်မှတ်ထိုးအတည်မပြုရန် ညွှန်ကြားလေ့ရှိသည်။ ၂၀၁၃ ဒုတိယနှစ်ဝက်တွင် M23 သည် ရဝမ်ဒါ နယ်မြေပိုင်နက်တွင်း အကြိမ်ပေါင်းများစွာပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မိမိနယ်မြေအတွင်း ဗုံးဆံများကျ ရောက်ခြင်းအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ရဝမ်ဒါက EJVM ထံတောင်းဆိုခဲ့သည်။ သို ့သော် ထိုတိုက်ခိုက်မှုများ သည် ရဝမ်ဒါကိုယ်တိုင်က ညွှန်ကြားထားခြင်းဖြစ်ကြောင်း EJVM က တွေ့ရှိခဲ့သည်။

ကွန်ဂို တပ်မတော်က M23 ကို နှိမ်နင်းပြီး ခြောက်လာကြာပြီးသည့်အချိန် ၂၀၁၃ ဒီဇင်ဘာတွင် ရဝမ်ဒါနှင့် ကွန်ဂို စစ်တပ်တို့သည် မြောက်ပိုင်းဂိုမာမြို့နယ်ခြားတွင် အတိအလင်းရင်ဆိုင်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ EJVM က ပြည့်စုံ စွာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ကွန်ဂိုစစ်သားအများအပြားသေဆုံးစေခဲ့သည့် တိုက်ပွဲများကို ရဝမ်ဒါတပ်ဖွဲ့ များက ရည်ရွယ်ချက်ရှိရှိစတင်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ နောက်ဆုံးအစီရင်ခံစာကို လက်မှတ်ရေးထိုးရန် ရဝမ်ဒါ၏ EJVM ကိုယ်စားလှယ်က အတိအလင်းငြင်းဆိုသည်။ အကျိုးဆက်အားဖြင့် EJVM သည်လည်း ဒေသတွင်းအားကောင်းသော အခန်းကဏ္ဍမှ များစွာကျဆင်းသွားခဲ့သည်။

တောင်ဆူဒန်

၂၀၁၃ ဒီဇင်ဘာတွင် ဒုတိယသမ္မတကို ဖယ်ရှားခဲ့ပြီးနောက် သက်တမ်းနုသေးသော တောင်ဆူဒန်နိုင်သည် ပမာဏကြီးမားသည့် လက်နက်ကိုင်ပဋိပက္ခတွင်းသက်ဆင်းသွားပြီး အရပ်သားထောင်ပေါင်းများစွာ တိုင်းပြည်တွင်းပြောင်း ရွှေ့ရသည့်အနေအထားသို့ရောက်ရှိသွားသည်။ ၂၀၁၄ ဇန်နဝါရီ ၂၃ တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့သည့်တိုင် တိုက်ပွဲများအဆုံးမသတ်နိုင်ခဲ့ပေ။ ကနဦးအားဖြင့် အီသီယိုပီးယားဦးဆောင်သော အရှေ့အာဖရိက ဒေသဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရများကြားအာဏာပိုင်ဖွဲ့ (Intergovernmental Authority on Development - IGAD) သည် နှစ်ဖက်ကြားကြားဝင်ညှိနှိုင်းရေး လုပ်ငန်းများအတွက် တာဝန်ယူခဲ့သည်။

ဇန်နဝါတွင် အီသီယိုပီးယား၊ ကင်ညာ၊ ဆူဒန်နှင့် တောင်အာဖရိကသမဂ္ဂတို့မှကိုယ်စားလှယ်များအပြင် တောင် ဆူဒန်အစိုးရနှင့် လက်နက်ကိုင်အတိုက်အခံကိုယ်စားလှယ်များပါ၀င်သည့် ပူတွဲနည်းပညာကော်မတီတစ်ရပ် (Joint Technical Committee) ကို IGAD က ဖွဲ့စည်းခဲ့သည်။ ယင်းပထမဆုံးအဖွဲ့သည် ဂျူဘာ၊ မာလာကယ်နှင့် ဘန်တီ ယူစသည့် သော့ချက်ကျသောမြို့များသို့ ငါးရက်ကြာ လေ့လာဆန်းစစ်မှုများပြုလုပ်ပြီး နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုများပွဲအ တွက် အစီရင်ခံစာ ပြုစုပေးခဲ့သည်။

ဧပြီလအစောပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုချိုးဖောက်ခြင်းများကို စုံစမ်းစစ်ဆေးရေးနှင့် စိစစ်အတည်ပြုရေးအဖွဲ့များ(Monitoring and Verfication Teams) ကို တရားဝင်ဖွဲ့စည်းခဲ့သည်။ ထိုအချိန်မှစ၍ ပဋိပက္ခပေါက်ကွဲလုနီးပါးနေရာ ဒေသများသို့ MVT များအား IGAD က စေလွှတ်ခဲ့သည်။ အာဖရိကသမဂ္ဂ၊ IGAD နိုင်ငံများ၊ တောင်ဆူဒန်အစိုးရနှင့် လက်နက်ကိုင်ကိုယ်စားများအပြင် ကုလသမဂ္ဂတို့ပါ၀င်ပေါင်းစည်းထားသည့် အမြဲတမ်း ပူးတွဲနည်းပညာကော်မတီတစ် ရပ်ကို MVT က ကြီးကြပ်သည်။ သို့တိုင် သက်ဆိုင်သူများသည် ၄င်းတို့၏လုပ်ဆောင်မှုများကို အမြဲတစေပူးပေါင်းဆောင်ရွက်ကြသည်မဟုတ်ပေ။ ၂၀၁၄ သြဂုတ်လတွင်မူ လက်နက်ကိုင်အဖွဲ ့များ၏ ထိန်းသိမ်းခြင်းခံရပြီး IGAD စောင့်ကြည့်ရေးသမားတစ်ဦး နှလုံးရောဂါကြောင့် ကွယ်လွန်သွားခဲ့သည်။

IGAD ၏ စောင့်ကြည့်ရေးမစ်ရှင်လုပ်ငန်းများဆောင်ရွက်နေသည့်တိုင် ၂၀၁၄ နှစ်ကုန်တွင် နောက်ထပ်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်တစ်ခုကို နှစ်ဖက်လက်မှတ်ရေးထိုးရန် ထပ်မံဆောင်ရွက်ရပြန်သည်။ နောက်ဆုံးသဘောတူညီချက်တွင် ချိုးဖောက်မှုများအတွက် တာဝန်ရှိသည့်ပုဂ္ဂိုလ်များအား IGAD အဖွဲ့ဝင်နိုင်ငံများမှတစ်ဆင့် ပိုင်ဆိုင်မှုများထိန်းချုပ်ခြင်းများနှင့် ခရီးသွားလာခွင့်ပိတ်ပင်ခြင်းများအထိ အရေးယူမည့် ပြဌာန်းချက်များပါ၀င်သည်။ ထိုသဘောတူညီချက်တွင် စစ်မက်ပြိုင်ဆိုင်နေသူများအား လက်နက်ရောင်းချမှုကို ကြိုတင်ကာကွယ်ရန် စစ်ရေးအရတိုက်ရိုက်အရေးယူ နိုင်ရန်  ပြဌာန်းချက်လည်းပါရှိသည်။

နီပေါ

နီပေါနိုင်ငံတွင် ၁၉၉၆ ခုနှစ်မှစပြီး ပေါ်ပေါက်လာသည့် မော်ဝါဒီယိမ်းသည့် ကျေးလက်အခြေပြုလက်နက်ကိုင် လှုပ်ရှားမှု (PLA) ကြောင့် တိုင်းပြည်နေရာ အတော်များများတွင် မတည်မငြိမ်ဖြစ်လာခဲ့ရာ ၂၀၀၁ ခုနှစ်တွင် တန်ပြန်လှုပ်ရှားနှိမ်နှင်းရန် အစိုးရစစ်တပ်ကို ဖြန့်ကျက်ချထားခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် PLA ဖက်မှ တစ်ဖက်အပစ်ရပ်စဲသည့်အတွက် ခရိုင်အဆင့်ကော်မတီများထူထောင်ရေးရည်ရွယ်ချက်ဖြင့် နီပေါရှေ့နေများအစည်းအရုံးက ဥက္ကဌအဖြစ်ဦးဆောင်ကာ အဖွဲ ့ ၀င် ၂၂ ဦးပါ “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အရပ်ဘက်စောင့်ကြည့်ကော်မတီ”ကို ဖွဲ့စည်းခဲ့သည်။ သို့သော် အစိုးရဖက်က တုံ့ပြန်ပူးပေါင်းဆောင်ရွက်မှုမရှိသဖြင့် ထိထိရောက်ရောက်အကောင်အထည်မဖော်နိုင်ခဲ့ပေ။

၂၀၀၅ စက်တင်ဘာတွင် မော်ဝါဒီများက ဒုတိယမြောက်တစ်ဖက်သက်အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့ရာ အမျိုးသားလူ့အခွင့်အရေးကော်မရှင်(NHRC)နှင့် အရပ်ဘက်လူ့အဖွဲ့အစည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ စောင့်ကြည့် ရေးကော်မတီ (Civil Society Ceasefire Monitoring Committee) က အပစ်ရပ်စောင့်ကြည့်ရေးနှင့် လိုက်နာမှု ဆိုင်ရာ ကိစ္စများကို ကူညီဆောင်ရွက်ရန်သဘောတူခဲ့သည်။ သို့သော် NHRC အဖွဲ့ဝင်များသည် ဘုရင်က ခန့်အပ်ထားသူများဖြစ်သောကြောင့် ယုံကြည်ခံရမှုနှင့် လွတ်လပ်မှုတို့မရှိဘဲ အရပ်ဘက်လူ့အဖွဲ့အစည်းကော်မတီမှာလည်း စောင့်ကြည့်ရေးကိစ္စ ရပ်များကို လက်လှမ်းမမှီခဲ့ကြပေ။

၂၀၀၆ မေလတွင် လိုက်နာကျင့်သုံးရမည့်ကျင့်ဝတ် (Code of Conduct) ကို နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ပြီးနောက် အကောင်အထည်ဖော်ရေးကို စောင့်ကြည့်ရန် ၃၁ ဦးပါအဖွဲ့ကို ကနဦးဖွဲ့စည်းခဲ့သည်။ ကျင့်ဝတ်ဆိုင်ရာ အမျိုးသားစောင့်ကြည့်ရေးကော်မတီ (The Ceasefire Code of Conduct National Monitoring Committee) သည် လူအခွင့်အရေးစောင့်ကြည့်ရေးနှင့် တိုင်ကြားမှု စုံစမ်းစစ်ဆေးရေးတို့ကိုဆောင်ရွက်ရန်ဖြစ်ပြီး နှစ်ဖက်စစ်တပ်များမှ မဖြစ်မနေဝန်ဆောင်မှုများ၊ လွတ်လပ်စွာရွှေ့ပြောင်းသွားလာခွင့်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို မပိတ်ပင်အောင် ဆောင်ရွက်ရ သည်။ သို့သော် Code of Conduct သည် ပိုပြီးအားကောင်းသည့်မူဘောင်တစ်ရပ်ဖြစ်ရန်လိုအပ်ခဲ့သဖြင့် စောင့်ကြည့်ရေး မှာလည်း ထိရောက်မှုမရှိခဲ့ပေ။

၂၀၀၆ ဒီဇင်ဘာတွင် လက်မှတ်ရေးထိုးသည့် လက်နက်များနှင့် စစ်တပ်များစီမံခန့်ခွဲမှုစောင့်ကြည့်ရေးစာချုပ်(AMMAA) အရ  ၁၉၈၈ မတိုင်မီမွေးဖွားသည့် မော်ဝါဒီများတပ်ဖွဲ့များနှင့် PLA သို့ ၂၀၀၆ မေလမတိုင်မီဝင်ရောက်ကြသူများကို စာရင်းသွင်းရန်၊ ၄င်းတို့၏လက်နက်အားလုံးကို ကုလသမဂ္ဂစောင့်ကြည့်ရေးအောက်တွင် သိမ်းဆည်းထားရန်နှင့်  ပေါက်ကွဲစေတတ်သောပစ္စည်းများအားလုံးကိုလည်း သိမ်းဆည်းထားရန်ဖြစ်သည်။ နီပေါစစ်တပ်ကလည်း ၄င်း၏ နေရာ တွင်သာဆက်နေပြီး PLA ကအပ်နှံသည့်လက်နက်အရေအတွက်အတိုင်း ၄င်းတို ့လက်နက်ကိုလည်း လုံခြုံစွာသိမ်းဆည်းထားရန်နှင့် မြေမြှုပ်မိုင်းနှင့်ပတ်သက်သော သတင်းအချက်အလက်များကိုဆင်ပြရန် လိုအပ်သည်။ သဘောတူညီချက်အရ တရားဝင်အခမ်းအနားများ၊ နယ်ခြားကိစ္စများ၊ ဗီအိုင်ပီများအတွက်သာ လုံခြုံရေးယူပေးရန်နှင့် ကပ်ဘေးကာကွယ်ရေး သို့မဟုတ် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်သာ ပါ၀င်ရန် စစ်တပ်ကိုခွင့်ပြုထားသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလက်မှတ်ရေးထိုးထားသူများ လိုက်နာဆောင်ရွက်မှုကို ကြီးကြပ်ရန် ပူးတွဲစောင့်ကြည့်ရေးညှိနှိုင်းရေးကော်မတီ(JMCC) ကိုAMMAA အရ ဖွဲ့စည်းခဲ့သည်။ ယင်း၏လုပ်ငန်းတာဝန်များ တွင် AMMAA ကို အကောင်အထည်ဖော်ရာတွင် သက်ဆိုင်သူများကို အကူအညီပေးခြင်း၊ အငြင်းပွားမှုများ၊ တိုင်ကြားမှုများ သို့မဟုတ် စိန်ခေါ်မှုများကို ဖြေရှင်းခြင်းနှင့် နှစ်ဖက်တပ်များကြား ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းများကို အထောက်အပံ့ပေးခြင်းတို့ပါ၀င်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံသို့ ၂၀၀၆ သြဂုတ်လ ၉ ရက်နေ့စွဲဖြင့်ပေးပို့သည့် ၀န်ကြီးချုပ် ပရာဆတ် ကွိုင်ရာလာ၏စာတွင် စစ်တပ်နှင့်မော်ဝါဒီနှစ်ဖက်စလုံး၏ လက်နက်များနှင့် လက်နက်ကိုင်များစီမံခန့်ခွဲမှုကို ထောက်ခံကြောင်းရေးသားထားသည်။ ယင်းသို့ပင် ၂၀၀၇ တွင်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၇၄၀ ကို ချမှတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်တွင် မော်ဝါဒီတပ်နှင့် နီပေါစစ်တပ်တို့နှစ်ဖက်စလုံးမှ လက်နက်များနှင့် လက်နက်ကိုင်များ စီမံ ခန့်ခွဲမှုကို စောင့်ကြည့်ရာတွင် JMCC ရှိ သက်ဆိုင်သူများအား အကူအညီပေးရန် ရှင်းလင်းသောအခွင့်အာဏာပေးထား သည့် နီပေါနိုင်ငံဆိုင်ရာ ကုလသမဂ္ဂမစ်ရှင်(UNMIN) ကို ဖွဲ့စည်းခဲ့သည်။ UNMIN ၏ စောင့်ကြည့်ရေးမှူးများမစေလွှတ် နိုင်သေးမီ အိန္ဒိယစစ်တပ်မှ အနားယူလာကြသည့် နီပေါလူမျိုး “ဂေါ်ရခါး” စစ်သား ၁၁၁ ဦးပါ၀င်သည့် ကြားကာလ အထူးအဖွဲ့ (Interim Task Force - ITF)က ပင်မလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

JMCC ကို UNMIN က ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး နီပေါစစ်တပ်နှင့် PLA မှအကြီးတန်းကိုယ်စားလှယ်များပါ၀င်သည်။ UNMIN ၏ ကိုယ်စား ဗိုလ်မှူးချုပ် ဂျန်အဲရစ်ဝီလ်ဟမ်ဆန်က ပထမဦး ဆုံးဥက္ကဌအဖြစ်ဆောင်ရွက်စဉ် တရားဝင်အစည်းအဝေးပေါင်း ၁၀၀ ကျော်ကျင်းပခဲ့သည့် ကာလတစ်လျှောက် နီပေါစစ်တပ်၏ ဒုတိယဗိုလ်ချုပ်ကြီး သျှီဝရာမပရာဓမ္မနှင့် PLA ဒုတိယစစ်ဦးစီးချုပ် နန္ဒကီရှိုပွန်တို့က ဒုတိယဥက္ကဌများအဖြစ် အသီးသီး ဆောင်ရွက်ခဲ့ကြသည်။ AMMAA ကို ချိုးဖောက်သည်ဟူသောစွပ်စွဲချက်များစုံစမ်းစစ်ဆေးမှုများအား UNMIN က ဦးဆောင်ပြီး နီပေါစစ်တပ်နှင့် PLA တို့နှစ်ဖက်စလုံးပါ၀င်သည့် ပူးတွဲစောင့်ကြည့်ရေးအဖွဲ့(JMT) က စစ်ဆေးခြင်းဖြစ်သည်။ JMTs များသည် စွပ်စွဲထားသည့်ချိုးဖောက်မှုများစုံစမ်းစစ်ေဆေးခြင်း၊ ဒေသခံရပ်ရွာများနှင့် ဆက်ဆံရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်မျှဝေ ခြင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အထောက်အကူပြုဆောင်ရွက်သည်။ JMT စုံစမ်းမေးမြန်းမှုတို်င်းတွင် JMCC သည် နောက်ဆုံးတွေ့ရှိချက်နှင့် အစီရင်ခံစာများကိုပြုစုပြီး သက်ဆိုင်သူများသို့ ၄င်း၏အကြံပြုချက်များပေးသည်။

လက်နက်များနှင့် စစ်တပ်များစီမံခန့်ခွဲမှုနှင့်စောင့်ကြည့်ရေးဆိုင်ရာ သဘောတူညီချက်ကို လိုက်နာဆောင်ရွက်ရာ တွင် UNMIN သည် PLA လက်နက်ခဲယမ်းများသိမ်းဆည်းထားပြီး နီပေါစစ်တပ်၏ အဓိကလက်နက်ခဲယမ်းများသိမ်းဆည်း ထားသည့် နေရာ ရ ခုတွင် ၂၄ နာရီအမြဲတမ်းစောင့်ကြည့်ရေးအဖွဲ့များကို ဖွဲ့စည်းထားရှိသည်။ လက်နက်စောင့်ကြည့်ရေး သမားများသည် PLA စခန်းခွဲ ၂၁ ခုသို့လည်း ပုံမှန်သွားရောက်လေ့ရှိသည်။ အဖွဲ့များက နီပေါစစ်တပ်၏ လက်နက်ခဲယမ်း ၂၈၅၅ ခု၊ PLA ၏ လက်နက် ၃၄၇၅ ခုတို့ကို စာရင်းသွင်းပြီး သိမ်းဆည်းထားသည်။ နောက်ပိုင်းတွင်လည်း တပ်ဖွဲ့အင်အား စုစုပေါင်း ၃၂၂၅၀ ကိုလည်း ကနဦးစာရင်းသွင်းထားသည်။

၂၀၀၇၊ ဒီဇင်ဘာတွင် နှစ်ဖက်ကြားချမှတ်ထားသည့် စံနှုန်းများနှင့် ကိုက်ညီသည့် တပ်ဖွဲ့ဝင်အရေအတွက် ၁၉၆၀၂ သာရှိသည်ဟု UNMIN က စစ်ဆေးအတည်ပြုခဲ့ကြသည်။ ယင်းလုပ်ငန်းစဉ်တွင် အသက် ၁၈ နှစ်မပြည့်သေးသူများ သို့မဟုတ် လုပ်ငန်းစဉ်နောက်ပိုင်းမှတပ်ထဲဝင်လာကြသူများအားလုံးကို အများအပြားဖယ်ရှားခဲ့ရသည်။ စိစစ်အတည်ပြုခြင်းအင်တာဗျူးများအတွက် PLA ၈၀၀၀ ကျော်လာရောက်ကြခြင်းမရှိပဲ၊ ထွက်ခွင့်ပြုခဲ့သည့် တပ်ဖွဲ့ဝင် ၄၀၀၀ ကျော်အနက် သုံးပုံတစ်ပုံမှာ အသက် ၁၈ နှစ်အောက်များဖြစ်သည်။ ၂၀၀၈ ဇူလိုင်လတွင် နယ်ရှိစောင့်ကြည့်လေ့လာရေး သမားအားလုံးကို နယ်လှည့်အဖွဲ့များအဖြစ်အသွင်ပြောင်းပြီး စစ်စခန်းများအားလုံးသို့ အရပ်ဝတ်ဖြင့် လက်နက်မကိုင်ဘဲ သွားရောက်ကြသည်။

လုပ်ငန်းစဉ်တစ်လျှောက်တွင် JMCC နှင့် UNMIN စောင့်ကြည့်ရေးအဖွဲ ့များသည် အရေးပါသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းခဲ့ရသည်။ ပထမအချက်အနေဖြင့် UNMIN ၏ အခန်းကဏ္ဌသည် အကြံပေးအနေဖြင့်သာဖြစ်သည်။ ဒုတိယအချက်အနေဖြင့် နှစ်ဘက်တပ်ဖွဲ့များအား စီမံခန့်ခွဲရာတွင် သက်ဆိုင်ရာ တပ်ဖွဲ့ ဖွဲ ့စည်းပုံအတိုင်းသာစီမံခန် ့ခွဲပြီး စစ်စခန်းများရှိ လူပုဂ္ဂိုလ်များကို ကြီးကြပ်ရေးအတွက် UNMIN တွင် တာဝန်မရှိပေ။ PLA များ စစ်စခန်းများတွင် ရှိနေစဉ် ၄င်းတို့အတွက် ရိက္ခာနှင့် ထောက်ပို့လုပ်ငန်းတို့ကို အစိုးရကတာဝန်ယူရသည်။ ငြိမ်းချမ်းရေးနှင့် ပြန်လည်တည်ဆောက် ရေးဝန်ကြီးဌာနကို စောင့်ကြည့်ရန် နောက်ပိုင်းတွင် UNMIN အားတောင်းဆိုခဲ့သည်၊ သို ့သော် UNMIN က ပေးငွေများအ ပေါ်ထိန်းချုပ်ခွင့်မရှိပါ။ ဆေးခွင့် သို့မဟုတ် မိသားစုထံပြန်ခြင်းအတွက် အရပ်ဝတ်ဖြင့်ထွက်ခွာရာတွင် တစ်ကြိမ်လျှင် စစ်စခန်း သို့မဟုတ် တပ်ဖွဲ့ဝင်ဦးရေ၏ ၁၂ ရာခိုင်နှုန်းအထိခွင့်ပြုသဖြင့် စစ်စခန်းအဝင်အထွက်များကိုလည်း UNMIN  က မထိန်းချုပ်နိုင်ပေ။

UNMIN အနေဖြင့်လည်း နိုင်ငံရေးပါတီများ၏ ဝေဖန်မှုများကိုခံရသည်။ မော်ဝါဒီ “သူပုန်” များအား အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ တန်းတူညီမျှစွာ ဆက်ဆံသည်ဟူ၍ လည်းကောင်း၊ နီပေါသမိုင်းတွင် တရားမျှတမှုမရှိကြောင်း မော်ဝါဒီများ၏ပုံဖော်ပြမှုအပေါ် UNMIN က အလွန်အမင်းဂရုဏာသက်မှုသည်ဟူ၍ လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်ခဲ့သည်။ PLA စစ်စခန်းနေရာများတွင် အချို ့ကိစ္စများကို ရပ်တန် ့အောင်မလုပ်ဆောင်ခဲ့သည့်အတွက် ၀န်ကြီးချုပ်နှင့် အခြားခေါင်းဆောင်များကလည်း UNMIN အပေါ် ဝေဖန်ကြသည်။ အဆုံးတွင် အိန္ဒိယ၏ ဆွဲဆောင်မှုဖြင့် လုံခြုံရေးကောင်စီသည် မစ်ရှင်၏လုပ်ပိုင်ခွင့်ကို သက်တမ်းထပ်မတိုးတော့သဖြင့် ၂၀၁၁ ဇန်နဝါရီလ မစ်ရှင်ပြီးဆုံးသွားခဲ့သည်။ UN ထွက်ခွာမှသာ တိကျသောအဖြေတစ်ရပ်ရှာဖွေနိုင်ရေးတွင် မော်ဝါဒီများက လိုအပ်သည့် ညှိနှိုင်းမှုများလုပ် လိမ့်မည်ဟု အိန္ဒိယက အကြောင်းပြချက်ပေးခဲ့သောကြောင့်ဖြစ်သည်။
    
ရည်ညွန်းကိုးကား

“Agreement on a Ceasefire between the Government of the Democratic Socialist Republic of Sri Lanka and the Liberation Tigers of Tamil Eelam.” http://www.slmm-history.info/filestore/CFA.pdf

“About AMM,” Ministry of Defense, the Netherlands, 1 November 2009.
http://www.defensie.nl/english/topics/historicalmissions/contents/missionoverview/2005/acehmonitormissionamm

“Background,” United Nations Interim Force in Lebanon. http://unifil.unmissions.org/Default.aspx?tabid=11554
 “Ceasefire in Aceh? Peace may at last be in prospect in Indonesia's rebellious north,” The Economist, 21 November 2002. http://www.economist.com/node/1455234

“Ceasefire violations, as ruled by the Monitoring Mission,” Peace in Sri Lanka.
http://www.peaceinsrilanka.lk/negotiations/slmmstatistics

“Ceasefire Violations Threaten Peace Process,” IPS, Rita Manchanda, 25 August 2003.
http://www.ipsnews.net/2003/08/politicsnepalceasefireviolationsthreatenpeaceprocess/

“Chairman Murad Thanks Indonesia for Sending New Contingent to IMT,” Alternative Forum for Research in Mindanao (AFRIM), 9 July 2014.
http://afrim.org.ph/newafrim/tag/internationalmonitoringteamimt

“Civilian Protection Component of the International Monitoring Team,” Paul Fraleigh, 2011.http://www.ipon-philippines.info/fileadmin/user_upload/Observers/Observer_Vol.3_Nr.1/Observer_Vol.3_Nr.1_Political-Changes_16.pdf

“The Code of Conduct for Ceasefire agreed between the Government of Nepal and the CPN (Maoist)” 25 May 2006. http://www.un.org.np/unmin-archive/downloads/keydocs/25-point%20agreement%20on%20COC%2025%20May,%202006.pdf

“EU confirms willingness to participate in International Monitoring Team (IMT) in Mindanao,” European Union,18 May 2010.
http://eeas.europa.eu/delegations/philippines/documents/press_corner/20100608_02_en.pdf

 “The European Union Monitoring Mission in Aceh (Indonesia),” 15 December 2006. http://www.eeas.europa.eu/csdp/missions-and-operations/aceh-amm/pdf/15122006_factsheet_aceh-amm_en.pdf

“Five Nations Agree on a Strategy To Monitor Lebanon Cease Fire,” Reuters, 13 July 1996.
http://www.nytimes.com/1996/07/13/world/5nationsagreeonastrategytomonitorlebanonceasefire.html

 “Gov’t and MILF strengthen ceasefire mechanism for 2013 elections,” Government of the Philippines, 23 April 2013.
http://www.opapp.gov.ph/milf/news/gov%E2%80%99t-and-milf-strengthen-ceasefire-mechanism-2013-elections

“Grassroots Ceasefire Monitoring,” Kamarulzaman Askandar, 13 September 2013. http://www.seacsn.usm.my/index.php?option=com_content&view=article&id=169:bantay-ceasefire-grassroots-ceasefire-monitoring-in-mindanao&catid=47:content-january-march-2003

“IGAD ceasefire monitors commence operations in South Sudan,” Sudan Tribune, 12 April 2014. http://www.sudantribune.com/spip.php?article50625

“IGAD deploys team of ceasefire monitors in South Sudan,” Sudan Tribune, 31 January 2014.
January 31, 2014
http://www.sudantribune.com/spip.php?article49793

“Implementing Administrative Guidelines of the GRP-MILF Agreement on the General Cessation of Hostilities,” 18 July 1997. http://www.incore.ulst.ac.uk/services/cds/agreements/pdf/phil3.pdf

“Implementing Guidelines on the Security Aspect of the GRP-MILF Tripoli Agreement of Peace of 2001,” 7 August 2001. http://peacemaker.un.org/sites/peacemaker.un.org/files/PH_010807_Implementing%20Guidelines%20on%20the%20Security%20Aspect%20of%20the%20Tripoli%20Agreement.pdf

“Implementing Operational Guidelines of the GRP-MILF Agreement on the General Cessation of Hostilities,” 14 November 1997. http://publicinternationallawandpolicygroup.org/wp-content/uploads/2011/10/Implementing-Operational-Guidelines-of-the-GRP-MILF-Agreement-on-the-General-Cessation-of-Hostilities-1997.pdf

“Indonesia to send ceasefire monitoring team,” Gulf News, 28 June 2012.
http://gulfnews.com/news/world/philippines/indonesiatosendceasefiremonitoringteam1.1041592

“Israel Lebanon Ceasefire Understanding,” 26 April 1996.
http://peacemaker.un.org/israellebanon-ceasefire96

“Keeping the Peace: The International Monitoring Team (IMT) in Mindanao,” Ayesah Abubakar, Universiti Sains Malaysia, 14 September 2013. http://www.seacsn.usm.my/index.php?option=com_content&view=article&id=118:keeping-the-peace-the-international-monitoring-team-imt-in-mindanao&catid=39:content-january-june-2005

“Mission Not So Impossible: The Aceh Monitoring Mission and Lessons learned for the EU,” Kirsten E. Schulze, Friedrich-Ebert Stiftung, July 2007. http://library.fes.de/pdf-files/id/04786.pdf

 “Monitoring team called to ensure cease-fire in Aceh,” The Jakarta Post, 28 September 2002.
http://www.thejakartapost.com/news/2002/09/28/monitoringteamcalledensureceasefireaceh.html

“Monitoring the management of arms and armed personnel,” United Nations Monitoring Mission in Nepal. http://www.un.org.np/unmin-archive/downloads/pressreleases/Press.Statement.UNMIN_Arms.Monitoring.Mandate.16.02.10.ENG.pdf

“MONUSCO encourages Rwanda to work with the EJVM to investigate reported “bombings”
United Nations Stabilization Mission in the Democratic Republic of the Congo, 17 July 2013.
http://monusco.unmissions.org/Default.aspx?ctl=Details&tabid=10662&mid=14701&ItemID=19999

“Nepali Ceasefire Code of Conduct National Monitoring Committee forms,” Xinhua, 4 Aug 2006. http://reliefweb.int/report/nepal/nepaliceasefirecodeconductnationalmonitoringcommitteeforms

“Not missing UNMIN: Asking UNMIN to stay on will only jeopardise the peace process,” Kanak Mani Dixit, Nepali Times. http://nepalitimes.com/news.php?id=17760

“October 2013 Monthly Forecast: Democratic Republic of the Congo,” Security Council Report.
http://www.securitycouncilreport.org/monthly-forecast/2013 10/democratic_republic_of_the_congo_3.php

“Philippines: International monitoring team draws down forces 8th mission completes one year tour of duty ensuring ceasefire was kept,” Gulf News, 9 March 2014.
http://gulfnews.com/news/world/philippines/philippinesinternationalmonitoringteamdrawsdownforces1.1301274

“Press Statement on UNMIN’s Arms Monitoring Mandate,” United Nations Monitoring Mission in Nepal, 16 February 2010. http://www.un.org.np/unmin-archive/downloads/pressreleases/Press.Statement.UNMIN_Arms.Monitoring.Mandate.16.02.10.ENG.pdf

“The Role of NGOs and Broader Civil Society in Ceasefire Monitoring,” Nat J. Colletta, The Journal of Peacebuilding and Development, Volume 2, Issue 3 2006. http://www.tandfonline.com/doi/abs/10.1080/15423166.2006.666836506892#.VOqh3vnF830

“Role of UNMIN in peace process,” The Kathmandu Post, November 2007.
http://www.ekantipur.com/thekathmandupost/2007/11/20/related_articles/roleofunmininpeaceprocess/128757.html

“Rules and Procedures in the Administration of the Joint Secretariat of the Joint
GRP-MILF Coordinating Committees on Cessation of Hostilities,” 18 May 1999. http://peacemaker.un.org/philippines-rules-joint-secretariat99

“Security increased for Malaysian ceasefire monitors in Mindanao amid Sabah row,”
GMA News, 7 March 2013.
http://www.gmanetwork.com/news/story/298102/news/regions/securityincreasedformalaysianceasefiremonitorsinmindanaoamidsabahrow

“The SLMM report” The Sri Lankan Monitoring Mission, October 2010.
http://www.slmm-history.info/filestore/slmm_report_101029_final.pdf

“South Sudan rebels accuse government troops of violating ceasefire,” Reuters,
8 November 2014.
http://news.yahoo.com/southsudanrebelsaccusegovernmenttroopsviolatingceasefire141447707.html

“South Sudan Rebels Explain Refusal to Sign Ceasefire Agreement,” Voice of America, 28 August 2014.
http://www.voanews.com/content/southsudanrebelofficialexplainswhytheydidnotsignrecentagreement/2430654.html

“Status of Mission Agreement (SOMA) on the establishment and management of the Sri Lanka Monitoring Mission (SLMM)” 18 March 2002.
http://www.slmm-history.info/filestore/SOMA.pdf

“Sudan rivals face sanctions after killing,” Skynews, 25 August 2014.
http://www.skynews.com.au/news/world/africa/2014/08/25/sudan-rivals-face-sanctions-after-killing.html

 “Trapped in the Peace Process: Ceasefire Monitoring in Sri Lanka.” Ingrid Samset, Chr. Michelsen Institute (CMI), 5 June 2004.
http://www.cmi.no/publications/2004%5Csamset_afo_paper.pdf

“Terms of Reference of the Civilian Protection Component (CPC) of the International Monitoring Team (IMT),” 9 December 2009.http://www.opapp.gov.ph/sites/default/files/Terms%20of%20Reference%20of%20the%20Civilian%20Protection%20Component%20of%20the%20International%20Monitoring%20Team.pdf

“UNIFIL commander blames Israel for breaching ceasefire with Lebanon,” Middle East Monitor, 19 June 2013. https://www.middleeastmonitor.com/news/middleeast/6333unifilcommanderblamesisraelforbreachingceasefirewithlebanon

“UN Mission in Nepal: So long, good luck,” The Economist, 14 January 2011.
http://www.economist.com/blogs/banyan/2011/01/un_mission_nepal

“What is Bantay Ceasefire,” Mindanao Peoples Caucus.
http://www.mpc.org.ph/index.php?option=com_content&view=article&id=105&Itemid=87

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn