To subscribe our Peace Info (News PI), please enter your email here!

အပစ်အခတ်ရပ်စဲရေး ဆိုသည်မှာ

ကမ်းလှမ်းသူနှင့် တုန့်ပြန်သူ

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မေးခွန်းများစွာ ရှိနေသည်။ ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်သူများထံမှ သိသင့်သိထိုက်သလောက် မသိရသည့်အနေအထား ဖြစ်နေသဖြင့် မရှင်းလင်းသည့် အချက်များသည် ကျန်ရှိမြဲ ကျန်ရှိနေသည်။ ပထမဆုံးမေးခွန်းမှာ ယခုငြိမ်းချမ်းရေးဖြစ်စဉ်ကြောင့် သမ္မတဦးသိန်းစိန်နှင့် ၎င်းဦးဆောင်သည့် အစိုးရကို ကျေးဇူးတင်ရမည်လား။

သမ္မတဦးသိန်းစိန်သည် ၂၀၁၁သြဂုတ်လတွင် ငြိမ်းချမ်းရေးဆန္ဒရှိသော လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ကြောင်း အစိုးရသတင်းစာတွင် ကြေညာခဲ့သည် (မြန်မာ့အလင်း သတင်းစာ)။ လူအများစုကယခုငြိမ်းချမ်းရေးဖြစ်စဉ်သည် ဦးသိန်းစိန်ကြောင့် ဟုဆိုသည်။ အမှန်မှာ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုများက ငြိမ်းချမ်းရေးဆွေးနွေးရန်၊ နိုင်ငံရေးပြသနာကိုစစ်ရေးနှင့်မဟုတ်ပဲ နိုင်ငံရေးအရအဖြေရှာရန် ကမ်းလှမ်းထားသည်မှာ နှစ်ပေါင်းများစွာရှိပြီးဖြစ်သည်။ အစိုးရတစ်ဖက်တည်းမှ ငြိမ်းချမ်းရေးကို လိုလိုလားလား ကမ်းလှမ်းခြင်း မဟုတ်ပါ။ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့်  ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစု၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို ဦးသိန်းစိန်အစိုးရက တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်ဟုဆိုက ဆိုနိုင်သည်။

အပစ်ရပ်ဆွေးနွေးပွဲလား၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲလား

နိုင်ငံရေးဖြစ်စဉ်အစောပိုင်းတွင် နိုင်ငံရေးဆွေးနွေးပွဲကိစ္စမပါဝင်ပါ။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး စီးပွားရေးလုပ်ကိုင်ခွင့်ပေးရန် အနေအထားဖြင့် အစပြုခဲ့သည်။ သို့သော် တိုင်းရင်းသားများဖက်ကအပစ်ရပ်တင်မကပဲ နိုင်ငံရေးပြသနာများကို နိုင်ငံရေးအရဖြေရှင်းရန် နိုင်ငံရေးဆွေးနွေးပွဲလုပ်ရန် လိုအပ်သည်ဟု အစဉ်တစိုက်တင်ပြခဲ့ရာ နိုင်ငံရေးဆွေးနွေးပွဲကိုပါ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ထည့်သွင်းရန် နှစ်ဖက်သဘောတူခဲ့ခြင်းဖြစ်သည်။

သို့ရှိရာ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် သီးခြားအစိတ်အပိုင်းများ ပါ၀င်သည်။ အစိတ်အပိုင်းတစ်ခုမှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဖြစ်သည်။ ယခုလက်ရှိ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ဆွေးနွေးမှုသည် အပစ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ဖြစ်သည်။ အပစ်ရပ်စာချုပ်အတွက် နှစ်ဖက်သဘောတူသည့် အချက်များရရှိရန် Single Text (link) ခေါ် မှတ်တမ်းကိုအသုံးပြုပြီး ဆွေးနွေးလျက်ရှိသည်။ ထိုစာချုပ်သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ်ဖြစ်ပြီး ငြိမ်းချမ်းရေးစာချုပ် မဟုတ်ပါ။ နိုင်ငံရေးဆွေးနွေးပွဲများအပြီး ချုပ်ဆိုသည့် စာချုပ်သည်သာ ငြိမ်းချမ်းရေးစာချုပ် ဖြစ်မည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်

အပစ်ရပ်စဲရေးတွင် အပိုင်း နှစ်ပိုင်းရှိသည်။ ပထမပိုင်းမှာ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြစ်ပြီး ဒုတိယပိုင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဖြစ်သည်။ ၂၀၁၁ ခုနှစ်ကတည်း (KIA နှင့် TNLA မှလွဲ၍) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး ၁၄ ဖွဲ့ အနေဖြင့် အစိုးရနှင့် နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ် ချုပ်ထားပြီးဖြစ်သည်။ ထိုစာချုပ်များသည် အစိုးရနှင့် တစ်ဖွဲ့ချင်းစီချုပ်ဆိုထားခြင်း ဖြစ်သဖြင့် တစ်ဖွဲ့နှင့် တစ်ဖွဲ့မတူကြပါ။ အဖွဲ့အားလုံး တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်ရေး အကျုံးဝင်ရန်နှင့် အစိုးရ (အထူးသဖြင့် တပ်မတော်ဖက်မှ) တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို လက်ခံစေရန်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းနေခြင်းဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးမှာ စစ်တပ်ပိုင်းဆိုင်ရာကိစ္စ ဖြစ်သဖြင့် ဤကိစ္စတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသာ ဆွေးနွေးလျက်ရှိသည်။ နိုင်ငံရေးပါတီနှင့် လူထုအခြေပြု အဖွဲ့အစည်းများ မပါဝင်ပါ။

အပစ်ရပ်ဆွေးနွေးပွဲအတွက် အစိုးရ၏ ကိုယ်စားလှယ်အဖွဲ့မှာ ဝန်ကြီးဦးအောင်မင်းဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ (Union Peace-making Working Committee - UPWC) ဖြစ်ပြီး၊ မြန်မာငြိမ်းချမ်းရေးစင်တာ MPC က Technical ပိုင်းဆိုင်ရာကို ကူညီပံ့ပိုးပေးလျက် ရှိသည်။ UPWC ၏ အထက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဗဟိုကော်မတီ (Union Peace-making Central Committee – UPCC) ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်မှာ Nationwide Ceasefire Coordinating Team (NCCT) ဖြစ်သည်။ ၂၀၁၃အောက်တိုဘာတွင် ကချင်ပြည်နယ် လိုင်ဇာတွင်ကျင်းပသည့် တိုင်းရင်းသားညီလာခံက ဖွဲ့စည်းလိုက်သောအပစ်ရပ်ကိစ္စ ဦးဆောင်ညှိနှိုင်းမည့် ကော်မတီဖြစ်သည်။ အဖွဲ့ခေါင်းဆောင်များမှာ မွန်ပြည်သစ်ပါတီ (NMSP) မှ ဒုတိယဥက္ကဌနိုင်ဟံသာ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) မှအထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်း၊ နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့အစည်း (KIO/KIA) မှ ဗိုလ်ချုပ် ဂွန်မော် တို့ဖြစ်သည်။

အောက်တိုဘာ ၂၀၁၄ အထိအပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းပါ၀င်သော အခန်းများမှာ

  • အခန်း (၁) အခြေခံမူများ
  • အခန်း (၂) ဦးတည်ချက်နှင့်ရည်ရွယ်ချက်များ
  • အခန်း (၃) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကိစ္စရပ်များ
  • အခန်း (၄) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာအောင်လုပ်ဆောင်ခြင်း
  • အခန်း (၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာအာမခံချက်များ
  • အခန်း (၆) ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ
  • အခန်း (၇) အထွေထွေ

အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီးအရေးကြီးသည့် ကိစ္စရပ်များမှာအပစ်အခတ်ရပ်စဲရေးစောင့်ကြည့်ရေး (Ceasefire Monitoring) နှင့် စစ်ဖက်ဆိုင်ရာလိုက်နာရမည့် ကျင့်ဝတ်များ (Military Code of Conduct) ဖြစ်သည်။ စောင့်ကြည့်ရေးနှင့် ကျင့်ဝတ်ဆိုင်ရာကိစ္စရပ်များကို အပစ်ရပ်စာချုပ်တွင် တစ်ပေါင်းတည်းထည့်သွင်းချုပ်ဆိုမည် (သို့) သီးသန့်ချုပ်ဆိုမည် (သို့) စာချုပ်တွင်မထည့်ပဲ နောက်ဆက်တွဲအဖြစ် ထားမည်ကို ညှိနှိုင်းဆဲဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးစာချုပ်ပြီးသည်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ် ပြီးဆုံးသည်ဟု မဆိုနိုင်ပါ။ အပစ်ရပ်ပြီးပါက နိုင်ငံရေးဆွေးနွေးပွဲမှတဆင့် ငြိမ်းချမ်းရေးအတွက် အဖြေရှာရန် ဖြစ်ရာ နောက်တစ်ဆင့်မှာ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်သည်။

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn
  • နောက်ဆုံးသတင်း