To subscribe our Peace Info (News PI), please enter your email here!

နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ဆိုသည်မှာ

အစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ၏ ယေဘုယျ သဘောတူညီထားချက်မှာ အပစ်ရပ်စာချုပ် ချုပ်ဆိုပြီးပါက နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရန် ဖြစ်သည်။ နိုင်ငံရေးဆွေးနွေးပွဲကိုတစ်ဖွဲ့အလိုကျ ကျင်းပရန် မဖြစ်နိုင်သည့်အတွက်သော်လည်းကောင်း၊ အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲဖြစ်ရန်အတွက် စည်းမျဉ်းစည်းကမ်းများဖြင့် စနစ်တကျကျင်းပရန်လိုအပ်သည့်အတွက် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ရေးဆွဲရန် လိုအပ်သည်။ ထိုမူဘောင်အရသာ ကိုယ်စားလှယ်များရွေးချယ်ရန်၊ ဆွေးနွေးမည့်ခေါင်းစဉ်များရွေးချယ်ရန်၊ ဆုံးဖြတ်ချက်ချရန်ဖြစ်သည်။ တပ်ပိုင်းကိစ္စရပ်များဖြစ်သည့် အပစ်ရပ်စဲရေးကိစ္စကိုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကသာ ဆွေးနွေးသော်လည်း၊ နိုင်ငံရေးဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပညာရှင်များပါ၀င်မည် ဖြစ်သည်။

၂၀၁၄ အောက်တိုဘာလအထိ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲနေသည့် အဖွဲ့အစည်းများ

(၁) တိုင်းရင်းသားများပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့ (Working Group on Ethnic Coordination - WGEC)

၂၀၁၁ တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အမျိုးသမီးနှင့် လူထုအခြေပြု အဖွဲ့အစည်းများ စုပေါင်းပြီး ငြိမ်းချမ်းရေးကိစ္စ စုပေါင်းအင်အားရယူရန် ဖွဲ့စည်းခဲ့သော အလုပ်အဖွဲ့ ဖြစ်သည်။ တိုင်းရင်းသား ခေါင်းဆောင်များ လစဉ်တွေ့ဆုံကာ အလုံးစုံပြည်ထောင်စုငြိမ်းချမ်းရေးနှင့် အပစ်ရပ်စာချုပ် မူကြမ်း (Comprehensive Union Peace and Ceasefire Agreement) ကို ၂၀၁၃ ဧပြီလတွင် အပြီးသတ်ရေးဆွဲနိုင်ခဲ့သည်။ ထိုမူကြမ်းတွင် အပစ်ရပ်စာချုပ် တစ်ခုတည်းမဟုတ်ပဲ အခြေခံမူ၊ အပစ်ရပ်စဲရေးသဘောတူညီချက်၊ စစ်ဖက်ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းများ၊ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်၊ ကြားကာလအစီအစဉ် စသည့်အစိတ်အပိုင်းများ ပါ၀င်သည်။ ထိုမူကြမ်းကို အစိုးရအား ၂၀၁၃ မေလတွင် တင်ပြခဲ့သည်။ သို့သော် အစိုးရက အားလုံးကို တစ်ချိန်တည်းကိုင်တွယ်ရန် လက်မခံပဲ အပစ်ရပ်ရေးကို အရင်ဆောင်ရွက်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲကို တစ်ဆင့်ချင်းသွားရန် တုန့်ပြန်ခဲ့သည်။ သို့ဖြစ်၍ (၁) အပစ်ရပ်၊ (၂) နိုင်ငံရေးဆွေးနွေးပွဲမူဘောင်၊ (၃) နိုင်ငံရေးဆွေးနွေးပွဲ ဟု၊ အစဉ်လိုက် ဆောင်ရွက်ရန် နှစ်ဖက် ယျေဘုယျသဘောတူထားခြင်း ဖြစ်သည်။ အသေးစိတ်ဖတ်ရှုရန် (link)

(၂) တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့  (Nationwide Ceasefire Coordinating Committee - NCCT)

၂၀၁၃အောက်တိုဘာတွင် ကချင်ပြည်နယ် လိုင်ဇာတွင်ကျင်းပသည့် တိုင်းရင်းသားညီလာခံက ဖွဲ့စည်းလိုက်သောအပစ်ရပ်ကိစ္စ ဦးဆောင်ညှိနှိုင်းမည့် ကော်မတီဖြစ်သည်။ အဖွဲ့ခေါင်းဆောင်များမှာ NMSP မှ နိုင်ဟံသာ၊ KNU မှ ဖဒိုစောကွယ်ထူးဝင်းနှင့် KIA မှ ဗိုလ်ချုပ် ဂွန်မော်တို့ဖြစ်သည်။ WGEC ၏ နိုင်ငံရေးဆွေးနွေးပွဲမူကြမ်းကို အခြေခံပြီး NCCT မူကြမ်းအနေဖြင့် ရေးဆွဲထားသည်။ အသေးစိပ်ဖတ်ရှုရန် (link)

(၃)ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲရေးကော်မတီ (Peace and Political Dialogue Initiative Committee - PPIC)

နိုင်ငံရေးပါတီ ၅၆ ခုမှ ပါတီခေါင်းဆောင် ၁၅ ဦးဖြင့် ဖွဲ့စည်းထားသော ကော်မတီ ဖြစ်သည်။ ၅၆ ပါတီတွင် ပါ၀င်သော နိုင်ငံရေးပါတီများမှာ တိုင်းရင်းသားညီနောင်များ ဖယ်ဒရေးရှင်း (Nationalities Brotherhood Federation - NBF) ၀င် ပါတီ၂၀၊ ဖယ်ဒရယ် ဒီမိုကရေစီမဟာမိတ် (Federal Democratic Alliance – FDA) ၀င် ၁၁ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ ဖြစ်သည်။

PPIC ကော်မတီဝင်များမှာ -

NBF ကိုယ်စားလှယ် ၄ ဦး၊
FDA ကိုယ်စားလှယ် ၃ ဦး၊
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ၁ ဦး၊
မြန်မာနိုင်ငံတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အခြားပါတီကိုယ်စားလှယ် ၈ ဦး
စုစုပေါင်း ၁၅ ဦး

နိုင်ငံရေးပါတီ ၅၆ ခုပူးပေါင်းပြီး နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲနေသကဲ့သို့ NBF နှင့် FDA တို့ အနေဖြင့်လည်း PPIC မဖွဲ့မီက မူဘောင်ကိုယ်စီရေးဆွဲထားပြီး ဖြစ်သည်။ PPIC ၏ ရည်ရွယ်ချက်မှာ ဘုံမူဘောင်ရရှိရန် ဖြစ်သည်။

(၄) တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများလုပ်ငန်းအဖွဲ့ (Ethnic Alliance Political Parties – EAPP)

PPIC ဖွဲ့စည်းပြီးနောက် ဖွဲ့စည်းသောလုပ်ငန်းအဖွဲ့ ဖြစ်သည်။ ၂၀၁၄ အောက်တိုဘာတွင် ဖွဲ့စည်းသည်။ NLD၊ ကမန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ၊ မွန်အမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီနှင့် UNA (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့) တို့ပါ၀င်သည်။

လုပ်ငန်းအဖွဲ့ကိုဦးဆောင်မည့်သူများမှာ -

NLD ကိုယ်စားလှယ် ၁ ဦး
UNA ကိုယ်စားလှယ် ၁ ဦး
CRPP ကိုယ်စားလှယ် ၁ ဦး
အခြားပါတီမှ ၁ ဦး
စုစုပေါင်း ၄ ဦး

NBF နှင့် FDA ကဲ့သို့ပင် NLD နှင့် UNA တို့ကလည်းသီးခြား နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များကို ရေးဆွဲလျက်ရှိသည်။

Share this post

Submit to FacebookSubmit to Google PlusSubmit to TwitterSubmit to LinkedIn